ကျပ်သိန်း ၅၀၀၀ ဆု အမြင့်ဆုံးပေးနိုင်သည့် အောင်ဘာလေထီ ရောင်းအားတက်လာဟု စစ်ကောင်စီကြွားဝါ

Author မွန်လေး
Categories
Published on Jan 31, 2023

 

ကျပ်သိန်း ၅၀၀၀ ဆုသာ အမြင့်ဆုံးပေးနိုင်သည့် အောင်ဘာလေထီ ရောင်းအားတက်လာသည်ဟု အောင်ဘာလေသိန်းဆုဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း ထိရောင်းအားသည် ယခင်နှစ် ဒီဇင်ဘာလထက် ရောင်းအား ကျပ်သန်း ၃၀၀ ကျော် တိုးလာသည်ဟု ယင်းဌာနက ကြေညာထားခြင်း ဖြစ်သည်။

ဇန်နဝါရီလအတွင်း ထီစာအုပ်ပေါင်း ၄၇၀၀၀၀ ကျော်ရောင်းချခဲ့ရပြီး ငွေကျပ် သန်း ၄၇၀၀ ကျော်ရရှိခဲ့ခြင်းဖြစ်ကာ ၊ ရောင်းချငွေ၏ ၇၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ချီးမြှင့်သွားမည်ဟုလည်း ယင်းဌာန ကြေညာချက်တွင် ဆိုထားသည်။

စစ်ကောင်စီ၏ အောင်ဘာလေထီသိန်းဆုဌာနမှ ရောင်းအားတိုးလာသည်ဟုဆိုသော်လည်း အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ တစ်ဆုနှင့် ကျပ်သိန်း တစ်ထောင်ဆု တစ်ခုသာ ပါ၀င်မည်ဖြစ်ကာ အနိမ့်ဆုံး ကျပ်တစ်သောင်းအထိ ပါ၀င်မည် ဖြစ်သည်။

စစ်ကောင်စီမှ ချုပ်ကိုင်ထားသည့် အောင်ဘာလေထီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၌ ကျပ်သန်း ၄၃၀၀ နှင့် နို၀င်လာလတွင် ကျပ်သန်း ၃၇၀၀ ကျော် ရောင်းချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“အပြင်မှာထီဆိုင်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိတော့တာကြာပြီ၊ စစ်တပ်က အစိုးရဌာနတွေ ကျောင်းတွေ ရုံးတွေမှာ ခွဲတမ်းအရ ရောင်းတာတွေ ရှိတယ် ၊ သူတို့အချင်းချင်းတောင် မယုံကြည်လို့ မထိုးကြတာကို ရောင်းအားတက်တယ်ဆိုရင် ပထမဆုကို ဆုကြေးတိုးလေ လိမ်တာပါ၊ သူတို့ ထီတွေ မကုန်လို့ လစဉ်ဖျက်သိမ်းနေရလို့ အက္ခရာစဉ်တွေကိုတောင်မှ လျှော့ထုတ်နေရတာ”ဟု ရန်ကုန်မြို့နေ့ အောင်ဘာလေထီ လက်လီလက်ကားရောင်းချခဲ့ဖူးသူ အမျိုးသားတစ်ဦးကပြောသည်။

NLD အစိုးရ လက်ထက်တွင် အောင်ဘာလေထီ ရောင်းရငွေသည် ကျပ်သန်း ၂၀၀၀၀ ကျော်နှင့်အထက် ရှိခဲ့ပြီး အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း တစ်သောင်းခွဲ၊ ဒုတိယ ဆု ကျပ်သိန်း တစ်သောင်း၊ တတိယဆု ကျပ်သိန်း ငါးထောင်နှစ်ဆု၊ ကျပ်သိန်း နှစ်ထောင်လေးဆုနှင့် ကျပ်သိန်း တစ်ထောင် ၈ ဆုအထိ ချီးမြှင့်နိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အောင်ဘာလေထီသည် စစ်တပ်၏ ပင်မငွေရင်းတစ်ခုဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ယင်းထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းသည်ဟု ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အောင်ဘာလေထီ #သွေးစွန်းငွေ