ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေရ

Author ခေတ်နီ
Categories
Published on Sep 05, 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့ကာ ယခုရက်ပိုင်းအတွင်း ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှုတွေကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ဘေးရှောင်ပြည်သူများအပေါ်မှာ ခက်ခဲမှုများ ရှိလာကြောင်း သိရသည်။

အခုလို ငွေတန်ဖိုးကျဆင်းနေမှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်နဲ့ ရိက္ခာဖြည့်တင်းမှုများတွင် ကန့်သတ်ချက်တစ်ခုလို ဖြစ်ပေါ်လာနေတာပဲ ဖြစ်သည်။

” ပထမဆုံးအခက်အခဲက လက်နက်ခဲယမ်းဝယ်တဲ့နေရာမှာပဲဗျ အရင်က ကျည်ဆံနှစ်တောင့်ရရင် အခုက တစ်တောင့်ပဲ လျော့ဝယ်ရတာပေါ့ ဒါတွေကရေရှည်မှာ ပြဿနာရှိလာနိုင်တယ်ပေါ့ ။ဒါတွေကကြာရှည်နေရင်တော့ လက်နက်ခဲယမ်းဝယ်ယူနိုင်မှုမှာ ပြဿနာတွေရှိလာမှာပေါ့နော်”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦးက ပြောရေးဆိုခွင့်ရှိသူ ကိုနေစိုးက CJ Platform ကိုပြောသည်။

ဒီလို ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် တိုက်ပွဲအတွင်းမှာ အသုံးပြုရန်ကျည်ကို ကန့်သတ်ချက်များနှင့် သယ်ဆောင်ပြီး အသုံးပြုနေရမှုများလည်း ရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ အချို့ကလည်း ပြောသည်။

“အရင်တည်းက AKကျည်က ဒီမှာစျေးက ၅၀၀၀ ၆၀၀၀လောက် ဖြစ်နေတာပေါ့ အခုကြတော့ ၂ဆလောက်ဖြစ်သွားတယ် ၁သောင်းကျော်လာတယ်ပေါ့ ၁၂၀၀၀လောက်ထိ ဖြစ်လာတယ်ပေါ့။ ဆိုတော့ အရင်ကလို တိုက်ပွဲတွေမှာ ကျည်ကိုပေါပေါများများ မသုံးနိုင်ဘူးပေါ့ အရင်ကတိုက်ပွဲက ၄၅မိနစ်လောက် ချကြရင်အခုက ၁၅မိနစ် နာရီဝက်လောက်နဲ့ ပြန်ဆုတ်ရတာတွေတော့ ရှိတာပေါ့”ဟု DRPAအဖွဲ့၏ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ကိုဟိန်းအောင်က CJ Platform ကို ပြောသည်။

ထို့အပြင့် စက်သုံးဆီစျေးကြီးမြင့်မှုနှင့် လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းပစ္စည်းများ စျေးတွေမြင့်တက်လာမှုကလည်း လက်လုပ်လက်နက်များနှင့် လက်လုပ်မိုင်းကို အားကိုးပြီးတိုက်ပွဲဝင်နေရသည့် တပ်ဖွဲ့များအတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်နေခဲ့သည်။

“အခုက ပြဿနာက ဆီစျေးနဲ့ ကုန်ကြမ်းစျေးပေါ့ အရင်က ယမ်းတစ်အိတ်ကို ၆သိန်း ၇သိန်းဝန်းကျင်ကနေ အခုက ၁၀သိန်း ကျော်ထိဖြစ်လာတာပေါ့ ပြီးတော့ ဆီက စျေးအရမ်းမြှင့်လာတာက အခက်အခဲတစ်ခုပေါ့ ကျွန်တော်တို့ဘက်တွေက လက်နက်ထုတ်လုပ်ရေးအတွက်က ဒီဇယ်နဲ့ပဲ စက်တွေမောင်းပြီး လုပ်နေရတာပေါ့ နောက်ပြီး တိုက်ပွဲကိုသွားဖို့ မြန်မြန်ရွေ့ဖို့အတွက် ဆိုင်ကယ်တွေ အသုံးပြုရတော့ ဆီမရှိရင်ခက်ခဲတာတွေလဲ ရှိတယ်”ဟုကိုဟိန်းအောင်က ဆက်လက်ပြောကြားသည်။

အခုလို ငွေတန်ဖိုးကျမှုကြောင့် ခက်ခဲမှုများသည် တော်လှန်ရေးတပ်ဖွဲ့များတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ပြည်သူမှတဆင့် ထေက်ပံ့ကူညီမှုများ လုပ်ဆောင်နေသည့် ထောက်ပို့အဖွဲ့များနှင့် စစ်ဘေးရှောင်ပြည်သူများအပေါ်တွင်ပါ ထိခိုက်မှုများ ရှိနေခဲ့သည်။

“အခက်အခဲတွေကရှိတာပေါ့ ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းတွေတက်လို့ လကုန်လုပ်မယ့် ပရောဂျက်တောင်နားလိုက်ရတယ်။ ပြီးတော့ ငွေတန်ဖိုးကျတော့ လက်ထဲကျန်တဲ့ ရန်ပုံငွေတွေတောင် မကိုင်ထားနိုင်တော့ပဲ ဟိုဘက်တန်းလွှဲ ပစ္စည်းချက်ချင်းဝယ်ခိုင်းရတာ အဲ့လိုတွေတောင်ရှိတယ်ဟု “ANTS fundraising teamမှ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ မလီလီမှ CJ Platform ကိုပြောသည်။ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ကုန်စျေးနှုန်းမြှင့်တက်မှုတွေကြောင့် စစ်ဘေးရှောင်မိသားစုတွေအတွက် စားနပ်ရိက္ခာနှင့် မိသားစုများ နေထိုင်ရေးကိစ္စရပ်တွေမှာပါ ခက်ခဲမှုများ ဖြစ်ပေါ်နေခဲ့သည်။

“အရင်က ဆန်တအိတ်ကို ၂သောင်းခွဲ ၃သောင်းလောက်နဲ့ ကျွန်တော်တို့ရတယ် သိပ်အကောင်းကြီး မဟုတ်ဘူးပေါ့ စစ်ရှောင်စခန်းတစ်ခုအတွက် ဆန်ဖိုးရှာရင် သိန်း၅၀လောက်ကို အိတ်၁၀၀ကျော်ရတယ်။ ရှာရလဲ ကြာလှ၁၀ရက် ၁၅ရက်ပဲ အခုက ၁၀အိတ်စာကိုတောင်မနည်းရှာရတာ။ စျေးကလဲ ၅သောင်းကျော်လာတယ် လူထုကခက်ခဲလာတာလည်း ပါမှာပေါ့လေ”ဟု ကရင်နီဒေသက စစ်ဘေးရှောင်တွေအတွက် ရိက္ခာထောက်ပံ့ရေး ကူညီဆောင်ရွက်ပေးနေသည့် ရောင်နီအဖွဲ့မှ ဒုတိယ ဘဏ္ဏာရေးတာဝန်ခံ ကိုလွမ်းနောင်က CJ Platform ကိုပြောသည်။

အခုလိုမျိုး အခက်အခဲများစွာကြုံတွေ့နေရပေမယ့် တော်လှန်ရေးရဲဘော်များနှင့် ၎င်းတို့ကိုထောက်ပံ့နေကြသည့် ပြည်သူများကတော့ စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ခိုက်ရန်အတွက် သံန္နိဠာန်
ချပြီး ဆက်လက်တိုက်ပွဲဝင်နေလျှက်ရှိသည်။