ကျန်းမာရေး CDM ဝန်ထမ်း လေးသောင်းခွဲကျော်သို့ လျော့ကျ

Author လင်းနွေဦး
Categories
Published on Dec 13, 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အစိုးရအုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရေးအတွက် Civil Disobedience Movement(CDM)ပြုလုပ်သူ ကျန်းမာရေးဝန်ထမ်းအင်အား ခြောက်သောင်းခွဲအထိ ရှိခဲ့ရာမှ ယခုအခါ လေးသောင်းခွဲကျော်သို့လျော့ကျသွားကြောင်း CDM Medical Network(CDMMN)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

စစ်ကောင်စီ၏ အာဏာသိမ်းပြီး အစောပိုင်းကာလများတွင် ဆေးရုံ၊ ဆေးခန်းနှင့် ရုံးများ ဆက်လက်မလည်ပတ်နိုင်တော့ဘဲ အလိုလို CDM ဖြစ်သွား သူများရှိနေခြင်း၊ အချို့မှာ ခံယူချက်ကြောင့်မဟုတ်ဘဲ အများ CDM လုပ်၍ CDM ဖြစ်လာပြီး စာရင်းပေးသွင်းသူများရှိနေခြင်းတို့ကြောင့် ကနဦး ကျန်းမာရေး CDM အင်အားသည် ၆၅,၀၀၀ ကျော်အထိ အားကောင်းခဲ့ခြင်းဖြစ်သည်ဟု CDM Medical Network က တာဝန်ရှိသူ  ဒေါက်တာ စစ်မင်းနိုင်က ဆိုသည်။

 

” ၂၀၂၁ ဧပြီမှာ ကျွန်တော်တို့ CDM Medical Network နဲ့ MOH တို့ ပူးပေါင်းပြီး CDM တံခါးပိတ်မယ်လို့ ကြေညာတယ်။ ဧပြီလတုန်းက ကောက်ယူရထားတဲ့ စာရင်းအရ ခြောက်သောင်းခွဲကျော် ရှိခဲ့တယ်။ ကျွန်တော်တို့ ခြောက်လတစ်ခါ ဒေတာပြန်လုပ်တာမျိုးရှိပါတယ်” ဟု ဒေါက်တာ စစ်မင်းနိုင်က CJ Platform သို့ ပြောသည်။

 

အချက်အလက်များ ပြန်လည်စိစစ်ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူရရှိသည့် စာရင်းအချက်အလက်များအရ ကျန်းမာရေး CDM ဦးရေ ၄၅,၀၀၀ ကျော်သာရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆိုသည်။

 

“၂၀၂၁ ဒီဇင်ဘာမှာ ကောက်ယူထားတဲ့ စာရင်းအရ လေးသောင်းခွဲကျော်ပဲ ရှိတော့တယ်။ စစ်ကောင်စီရဲ့ အတင်းအကြပ်ဖိအားပေးမှုအောက်မှာ ပြန်သွားရတဲ့သူတွေ ရှိတယ်။ ဖမ်းဆီးခံရပြီး ပြန်ဝင်သွားတဲ့ သူတွေရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြန်ဝင်သွားရတဲ့ သူတွေရှိတယ်။ကျွန်တော်တို့ သွင်းထားတဲ့ ဒေတာတွေ ထပ်နေမျိုးလေးတွေလည်းရှိပါတယ်” ဟု ဒေါက်တာ စစ်မင်းနိုင်က ပြောသည်။

 

CDMMN ၏ နောက်ဆုံးပြုစုထားသော စာရင်းအရ မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း (၄၅,၁၆၉) ဦး အထိရှိနေပြီး ၎င်းတို့သည် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုများခံနေရမှုကြောင့် ဘေးလွတ်ရာဒေသများနှင့် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ကာစစ်အာဏာရှင်ကျရှုံးရေးအတွက် ကြံ့ကြံ့ခံဆက်လက်ပါဝင် ဆောင်ရွက်လျက်ရှိသောအင်အားအရေအတွက်လည်း ဖြစ်ကြောင်း သိရသည်။