ကျဉ်ကာမလုံလောက်၍ KNDF စစ်ဗျူဟာ ၁ တွင် ရဲဘော် ၆၃ ဦးထက်မနည်းကျဆုံး “နွေဦးဒိုင်းကာ” ကန်ပိန်းတွင် ပါဝင်ပေးရန်တောင်းဆို
မြန်မာ့နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ဗျူဟာအမှတ်(၁)မှ ရဲဘော် ၆၃ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။
ကျဆုံးရဲဘော်အများစုသည် ကျည်ကာဦးထုပ်နှင့် ကျည်ကာအင်္ကျီမလုံလောက်မှုများကြောင့် ဦးခေါင်းဒဏ်ရာနှင့် လက်နက်ကြီးစ ရင်ဘက်ထိမှန်ဒဏ်ရာများဖြင့် ကျဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျည်ကာမပါဘဲနဲ့ တိုက်ပွဲဝင်တဲ့အခါမှာ ဆုံးရှုံးမှုတွေများတယ်။ ခေါင်းထိ၊ ရင်ဘတ်ထိ အဓိကအရေးကြီးတဲ့ ကိုယ်တွင်းတွေ ထိခိုက်မှုတွေများတယ်။ မကျသင့်ဘဲ ကျခဲ့ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် တိုက်ပွဲများအတွင်း ရဲဘော်များ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်မည့် ကျည်ကာဦးထုပ်နှင့် ကျည်ကာအင်္ကျီများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ရှေ့တန်းတပ်ဖွဲ့ဝင်များ၏ အသက်ကိုနှုတ်ယူနိုင်သည့် ဦးခေါင်းနှင့် ရင်ဘတ်တို့ကို အဓိက ကာကွယ်ပေးနိုင်ရန်နှင့် ထိခိုက်၊ ကျဆုံးမှုနည်းစေရန် KNDF စစ်ဗျူဟာအမှတ်(၁)မှ “နွေဦးဒိုင်းကာ” ကံစမ်းမဲ ကမ်ပိန်းပြုလုပ်နေသည်။
“အသက်ပေးပြီးတိုက်ရတဲ့တော်လှန်ရေးဆိုပေမဲ့ တန်ဖိုးရှိတဲ့အသက်တွေကို မပေးသင့်ဘဲ မပေးရအောင် ပြုလုပ်တဲ့ အသက်ကယ် ကမ်ပိန်းဖြစ်ပါတယ်။ ဒါကြောင့် ပိုပြီးထောက်ပို့ပေးဖို့ နှိုးဆော်ပါရစေ။ ကံစမ်းမဲ တစ်စောင်ကို မြန်မာငွေ တစ်သောင်းခွဲကျပ်နဲ့ဝယ်ယူနိုင်ပါတယ်။ ဝယ်ယူမှုအတွက်က Page ရဲ့ Chat box ကနေ လာရောက်ဝယ်ယူနိုင်ပါတယ်” ဟု KNDF(Pekhon Zone)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကံစမ်းမဲကမ်ပိန်းကာလကို မတ်လ ၁၅ ရက်မှ ဧပြီလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး မျှော်မှန်းထားသည့် ရာခိုင်နှုန်းပြည့်မီရန် ၇၅ ရာခိုင်နှုန်းလိုအပ်နေသောကြောင့် ဧပြီလ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
ယနေ့အထိ ကမ်ပိန်းမှ ရရှိထားသော ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီများကို တိုက်ပွဲများအတွင်း အသုံးပြုလျက်ရှိကာ ရဲဘော်များအသက်အန္တရာယ်မှ ကင်းလွတ်မှုများရှိခဲ့ကြောင်း KNDF တပ်ရင်းများထံမှ သိရသည်။
ဧပြီလအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲတစ်ခုအတွင်း KNDF ရှေ့တန်းရဲဘော်တစ်ဦးသည် ပေ ၂၀ ခန့်အကွာတွင်ရှိသော စစ်ကောင်စီ တပ်သားများနှင့် ရင်ဆိုင်ပစ်ခတ်ရချိန်တွင် ကမ်ပိန်းမှရရှိခဲ့သော ကျည်ကာသံပြားဝတ်ဆင်ထားခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နည်းတူ လေးကြိမ်ထက်မနည်း တိုက်ပွဲများအတွင်း အသက်ဘေးမှ လွတ်မြောက်လာသူများလည်းရှိကြောင်း သိရသည်။
ထို့ကြောင့် ရဲဘော်တစ်ဦးချင်းစီတိုင်း၏ ထိခိုက်ဒဏ်ရာရမှုနှင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်မှုများကို အထိုက်အလျောက်ကာကွယ်နိုင်ရန် နွေဦးဒိုင်းကာကမ်ပိန်းတွင် ပြည်သူများ ပါဝင်အားဖြည့်ပေးရန် KNDF ( Pekhon Zone)က မေတ္တာရပ်ခံတောင်းဆိုထားသည်။