ကံမမြို့ စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၁၈ ဦးဖမ်းဆီးခံရ
ကံမမြို့ ပျဉ်ထောင်ကျေးရွာအနီး ကံမ-ပြကြီးကားလမ်းပေါ်တွင် ယနေ့ နေ့လည်ပိုင်းက ကားတစ်စီးပေါ်မှ ရိုဟင်ဂျာ ၁၈ဦး ဖမ်းဆီးခံခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
ကံမ-ပြကြီးကားလမ်း မိုင်တိုင် ၁၂/၃ နှင့် ၁၂/၄တွင် ယနေ့ နေ့လည် ၁၂နာရီခန့် က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ယာဥ်မောင်းရော ယာဥ်နောက်လိုက်ရော ထွက်ပြေးသွားတယ် ရိုဟင်ဂျာတွေ ကျန်ခဲ့တယ် စစ်တပ်နဲ့ရဲက အဲ့ဒါကြောင့် မိသွားတာ”ဟု ပြောသည်။
ဖမ်းဆီးရမိသူများမှာ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီးသုံးဦးဖြစ်ပြီး ကံမမြို့ ကြို့ပင်ရဲစခန်းမှ လဝကဥပဒေဖြင့်အမှုဖွင့်လှစ်နိူင်ရေးအတွက် စစ်ဆေးနေသည်ဟု လဝကဦးစီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။
ပြီးခဲ့သည့် လတွေကလည်း ဖျာပုံ၊ပုသိမ်နှင့်မြောင်းမြမြို့နယ်မှာ ရိုဟင်ဂျာများ ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့ပြီး စစ်ကောင်စီက လဝကဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။