ကော်သေနတ်နဲ့ ဓားပြတိုက်ပြီးနောက် KTVသွား ပိုက်ဆံဖြုန်းသည့် လုယက်သူ ၅ဦး ကောင်မလေးလုရင်း ရန်ဖြစ်ရာမှ ဖမ်းခံရ

Author အောင်နိူင်သူ
Categories
Published on Oct 10, 2022

သီပေါမြို့တွင် ကော်သေနတ်ပြကာ ဓားပြတိုက်ပြီးနောက် KTVသွားကာ ပိုက်ဆံဖြုန်းသည့် လုယက်သူ ၅ဦးမှာ သီချင်းဆိုရင်း ကောင်မလေးလုရာမှ စကားများရန်ဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ် တောင်မြို့ရပ်ကွက်ရှိ KTV တွင် လုယက်သူငါဦးသည် လုယက်ရာမှရရှိငွေများဖြင့်သီချင်းဆိုနေစဥ် KTVမှ ကောင်မလေးတစ်ဦးကို လုရာမှစကားများရန်ဖြစ်ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အခန်းထဲမှာ ကောင်မလေးလုရင်း ရန်ဖြစ်ကြတာ လှည့်ကင်းအဖွဲ့က ရောက်လာပြီးစစ်တော့ မြို့တွင်းမှာ လုယက်တဲ့ အဖွဲ့တွေဖြစ်နေတယ် ဖမ်းသွားတယ် ကော်သေနတ်တစ်လက်ရယ် ဓားတွေရယ်မိတယ်”ဟု CJ Platform ကိုပြောသည်။

ဖမ်းဆီးရမိသူများသည် အောက်တိုဘာ ၇ရက်နေ့ ည ၁၁နာရီက သီပေါမြို့ မြို့လယ်ရပ်ကွက်ရှိ ဒေါ်ရီရီဝင်းနေအိမ်ကို လုယက်ခဲ့သူများဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

“သူတို့ငါးယောက်က မြို့လယ်ရပ်ကွက်က အိမ်ကို သေနတ်ပြပြီး ငွေသုံးသိန်းလုသွားတဲ့သူတွေဖြစ်နေတယ် ရဲကဖမ်းတာမဟုတ်ဘူး KTV မှာ ဆော်လုရင်း အဖမ်းခံလိုက်ရတာ”ဟု ပြောသည်။

ဖမ်းဆီးရသူများမှာ ကိုဟိန်းမင်းသူ(၂၁)နှစ်၊ ကိုဇွဲသီဟ၊ ကိုရန်ပိုင်ထွေး ၊ကိုဖြိုးလွင်ဦးနှင့် ကိုထူးကိုကိုခန့်တို့ဖြစ်ပြီး သီပေါမြို့မရဲစခန်းမှ စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု သိရသည်။