ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၁၀ လုံးကျော် ထပ်မံမီးလောင်ပျက်စီး

Author သီရိ
Categories
Published on Feb 15, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင်အချိန်မှ နေ့လယ် ၂ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၉၇)ခြေလျင်တပ်ရင်းအနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ထိုတိုက်ပွဲအတွင်း ကော့ကရိတ်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၁၂)၊ ခလရ (၉၇)တပ်ရင်းနှင့် စစ်ကောင်စီတပ်အထိုင်ချထားသည့် နေရာအနှံ့အပြားမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမှတ်(၂) ဝင်းကြီးရပ်ကွက်၊ တောင်စွန်းတံတားအနီးမှ နေအိမ် ၁၃ လုံးထပ်မံမီးလောင်ပျက်စီးခဲ့ကြောင်း ကော့ကရိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

 

“မနေ့က ၉၇ တပ်ကို မနက် ၅ နာရီခွဲလောက်ကဝင်ပစ်တယ်။ မနေ့က မီးလောင်တာတော့ ၁၃ လုံး ပါသွားတာပေါ့။ လောင်တာကတော့ အဲဒီနေရာတစ်ခုထဲပဲ။ အဲဒီရပ်ကွက်ထဲမှာပဲ အခုလိုတိုက်ပွဲ ဖြစ်ရင်း မီးလောင်တော့လည်း တိုက်ပွဲကြားထဲပဲ မီးလိုက်ငြိမ်းရတာပေါ့” ဟု ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

 

ယခုလက်ရှိ ကော့ကရိတ်မြို့တွင်း နေထိုင်သူအချို့ နေအိမ်များ မီးလောင်ပျက်စီးမှုနှင့် ပစ္စည်းများခိုးယူခံရမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းပြန်လည်နေထိုင်နေသူအချို့ရှိနေသည့်အတွက် တစ်ခါတစ်ရံမှာ စားသောက်ရေးအတွက်အခက်အခဲရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

 

“ကော့ကရိတ်မှာလည်း ပြန်နေတဲ့သူတွေလည်းရှိတယ်။ ရှောင်တဲ့သူတွေလည်း ရှိတယ်။ မြို့ထဲမှာနေတာတော့ အစားအသောက်အတွက် အခက်အခဲတော့နည်းနည်းပါးပါးတော့ရှိတာပေါ့။ မြို့ထဲမှာ ကစားစရာဝယ်လို့မရဘူး။ တစ်ခါတလေ အသိတွေလာပေးတာစားတယ်။ လူတွေလာပြန်နေကြတာကောင်းပါတယ်။ လူတွေမရှိရင် သူခိုးရန်က တစ်မျိုး၊ မီးလောင်တာကတစ်မျိုး ဒုက္ခတော့ရောက်တာပေါ့” ဟု အထက်ပါမြို့ခံက ပြောသည်။

 

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း လက်နက်ကြီးကြောင့် အမှတ် ၃ ရပ်ကွက် အထက ၁ ကျောင်းအနီးရှိ နေအိမ် ၂ လုံး မီးလောင်ခဲ့ပျက်စီးခဲ့သည်။

 

ကော့ကရိတ်မြို့အတွင်း နေ့စဉ်ကဲ့သို့မီးလောင်မှုများဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း စစ်ကောင်စီ၏လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် မြို့တွင်းမှ နေအိမ်အလုံး၂၀ မီးလောင်ခဲ့ရသည်။

Related News

Depend on news