ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်တပ်မှစစ်ကြောင်း ထိုးလာမှုကြောင့် ကျေးရွာပေါင်းဆယ်ရွာကျော်မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေရ

Author လင်းနွေဦး/YZ
Categories
Published on Mar 23, 2024

ကရင်ပြည်၊ ကော့ကရိတ်မြောက်ပိုင်းရှိ ကျေးရွာများအနီး စစ်ကောင်စီမှ ဝင်ရောက် တပ်စွဲနေရာယူနေခြင်းကြောင့် အနီးရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

နောင်ထပ္ပံ၊ နောင်တဘွဲ ၊မြပတိုင်၊ ကိုပိုလို၊ ကော့စူးကျေးရွာများနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူများစစ်ဘေးရှောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

 

“ရွာလူကြီးကိုယ်တိုင်ကိုက ရွာနားမှာ ကရင်တပ်တွေနဲ့ ပူးပေါင်းတပ်တွေ ရောက်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်တော့မယ်ဆိုပြီး ရှောင်ဖို့ အထုပ်တွေ ပြင်ခိုင်းတယ်။ အနီးက နောင်ထပ္ပံ ဂူမှာလည်း ရွာလုံးပြည့်နီးပါး ကို လူတွေပြည့်နေပြီ။ မဆန့်တော့လို့ တခြားနေရာတွေ ပြောင်းခိုရတာမျိုးတွေ ရှိနေတယ်။ “ ဟု နောင်တဘွဲ ဒေသခံ အမျိုးသမီးတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်များမှလည်း ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှ စတင်ကာ မြပတိုင်ကျေးရွာအတွင်း ဝင်ရောက်ကာ တပ်စွဲနေရာယူထား၍ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟုလည်း စစ်ဘေးရှောင်လာရသည့် မြပတိုင်ဒေသခံ အမျိုးသားတစ်ဦး ပြောကြားချက်အရ သိရသည်။

 

ယခုကဲ့သို့ တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးလှုပ်ရှားမှုများ ရှိနေရခြင်းမှာ ယင်းကျေးရွာများအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရင်ကွဲတောင် ဗျူဟာကုန်းကို ယနေ့မနက် အစောပိုင်း ၅ နာရီ ခွဲ အချိန့်ခန့်မှ စတင်၍ KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ကာ ဗျူဟာကုန်းကို သိမ်းပိုက်ရရှိသည်ဟု ဒေသခံများမှ ပြောကြားသော်လည်း CJ Platform မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

Related News

Depend on news