ကော့ကရိတ်မြို့ တိုက်ပွဲ၌ BGF စခန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ဟုဆို

Author လင်းခိုင်
Categories
Published on Oct 23, 2022

ကော့ကရိတ်မြို့ တိုက်ပွဲ၌ BGF စခန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ကြောင်း LION Battalion Commando Special Force က ယနေ့တွင် ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့နယ်အတွင်း အောက်တိုဘာ ၂၁ရက် နေ့ နံနက် ၆နာရီမှ စတင်ကာတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို ည ၇နာရီချိန်၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ BGF စခန်းအား LION Battalion Commando ဗျူဟာစစ်ကြောင်းနှင့် အတူ ကျူးဖြူစစ်ကြောင်း၊ Eagle Brigade၊ Justic Soldiers နှင့် အခြားမဟာမိတ်ပူးပေါင်းစစ်ကြောင်းများမှ ပူးပေါင်း သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ကော့ကရိတ်မြို့တိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် စစ် ကောင်စီ ခလရ (၉၇) တပ်ရင်းမျာကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားချိန် ရှစ်နာရီကြာမြင့်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ထိပြုလုပ်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၈ယောက်ခန့်ကျဆုံးပြီး လက်နက်နှင့် ကျည်ဆန်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီမှ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ပစ်ခတ်မှုများကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအ၀င် ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#BGF #ကော့ကရိတ်မြို့ #စခန်းသိမ်း