ကော့ကရိတ်မြို့ တိုက်ပွဲ စစ်ရာဇ၀တ်မှုမြောက်ဟု အကြမ်းဖက် စစ်ကောင်စီပြော၊ ၎င်းတို့ လေကြောင်းဖြင့် ၅၄ကြိမ်ထိ အရပ်သား ပစ်မှတ်များအား ပစ်ခတ်မှုကိုမူ မဖော်ပြ

Author လင်းခိုင်
Categories
Published on Oct 21, 2022

ကော့ကရိတ်မြို့ တိုက်ပွဲသည် စစ်ရာဇ၀တ်မှုမြောက် သည်ဟု မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းဖက် သတ်ဖြတ်မှုများပြုလုပ်နေသည့် စစ်ကောင်စီက ယင်းတို့၏ ဝါဒဖြန့် သတင်းမီဒီယာမှ တဆင့်ဖော်ပြခဲ့ပြီး၊ လေကြောင်းဖြင့် လူနေရပ်ကွက်များသို့ တိုက်ခိုက် ခဲ့မှုကို ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီ ဝါဒဖြန့်မှုတွင် KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH လက်ဝေခံ PDF အဖွဲ့များက ယနေ့ မနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ ၀န်ထမ်းအိမ်ရာများနှင့် ရုံးဌာန အ ဆောက်အဦးများကို တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူနေရပ်ကွက်များနှင့် နိုင်ငံ၀န်ထမ်းများကို တိုက်ခိုက်သည့်အတွက် ဂျနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်မှု ကျူးလွန်လာရောက်သည်ဟု စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ခဲ့သည်။

KNLA ပူးပေါင်းတပ်ဖွဲ့သည် ကော့ကရိတ်မြို့နယ်အမှတ် ၇ ရပ်ကွက်အတွင်းရှိ အစိုးရဌာနအဆောက်အအုံများ၊ ရဲစခန်းနှင့် ခလရ ၉၇ တပ်ရင်းသို့ တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီက ယနေ့နံနက် (အောက်တိုဘာ ၂၁) နံနက် ၉နာရီမှ စတင်ကာ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် မြို့တွင်းရပ်ကွက်များ၊ ရွာများကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးကာ၊ ကလေးခြောက်ဦးအပါအ၀င် ဆယ်ခြောက်ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားထားသည်။

ယနေ့တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ကော့ကရိတ်မြို့သို့ ပစ်ခတ်တိုက်ခိုက်မှု ၅၄ ကြိမ်အထိပြုလုပ်ခဲ့ပြီး ခလရ ၉၇ တပ်ရင်းမှလည်း မြို့အတွင်း ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းတွင် ယင်းအချက်များကို ထည့်သွင်းဖော်ပြခဲ့လည်းမရှိပေ။

ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဘက်မှ အနည်းဆုံး ၁၀ ဦးအထိသေဆုံးခဲ့သည် ဟုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ကော့ကရိတ်မြို့ အနောက်ဘက် တံတားကျိုးကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၃၀၊ ခလရ ၂၃၁ တပ်ရင်းများရှိပြီး၊ ကော့ကရိတ် မြို့လယ်တွင် ခလရ ၉၇ တပ်ရင်း အခြေစိုက်ထားခြင်းဖြစ်သည်။

လက်ရှိတွင် KNLA ပူးပေါင်းတပ်ဖွဲ့သည့် ကော့ကရိတ်မြို့ပတ်လည်ကိုဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းပတ်နေပြီဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)က သတင်းထုတ်ပြန်ထားသည်။