ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ ယမန့်နေ့တိုက်ပွဲ၌ စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် အများအပြားသေဆုံး

Author လင်းခိုင်
Categories
Published on Dec 23, 2022

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၊ ယမန့်နေ့တိုက်ပွဲ၌ စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် အများအပြားသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ မနေ့ထဲက ကော့နွဲ့မှာ တိုက်ပွဲဖြစ်ပွားနေတာ။ ဒီနေ့အစောပိုင်းမှာလဲ ထက်ဖြစ်တယ်။ စစ်တပ်ဘက်ကနေပြီးတော့ လေကြောင်းပစ်ကူကို ဒီနေ့ကော မနေ့ကကောသုံးတယ်” ဟု တိုက်ပွဲအတွင်းရှိ ရဲဘော်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၄နာရီ ၃၃ မိနစ်တွင် ကော့ကရိတ်မြို့၊ ကော့နွဲ့ကျေးရွာအနီး KNLA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ရွာအတွင်း ပစ်ခတ်မှုကြောင့် နွားဆယ်ကောင်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းနေ့ နံနက် ၅နာရီ ၂၃ မိနစ်တွင် လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ကော့နွဲ့ကျေးရွာအနီး KNLA၊ PDF ပူးပေါင်းတပ်များနှင့် အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။

ထို့နောက် နံနက် ၈နာရီ ၄၈ မိနစ်တွင် စစ်ကောင်စီမှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ကာ ကော့နွဲ့ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့်အတွက် နံနက် ၉နာရီ ၁၇ မိနစ်တွင် ကော့နွဲ့ကျေးရွာအနီး KNLA၊ PDF ၊ ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းနှင့် federal Wings ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးကဆိုသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် တပ်သားအများအပြားသေဆုံးခဲ့ကာ အရေအတွက် အတိကျမသိရသေးကြောင်း၊ ဒေါနစစ်ကြောင်းမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း လည်းသိရသည်။
ဓာတ်ပုံ-တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်ပြည် #ကော့ကရိတ်