ကော့ကရိတ်မြို့က သုံးရက်တာတိုက်ပွဲများအတွင်း နေအိမ်ရာနှင့်ချီပျက်စီး

Author သီရိ
Categories
Published on Mar 05, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မတ် ၁ ရက်မှ ၃ ရက်အထိ သုံးရက်တာအတွင်း စစ်ကောင်စီတပ်နှင့်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲတို့ကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း အရပ်သားပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

မတ်လ ၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က အမှတ် ၇ ရပ်ကွက် ဗလီအနောက်ခြမ်းနှင့် သမလမ်းကြားရှိ စစ်ကောင်စီတပ်အထိုင်နေရာများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် မီးလောင်ဗုံးများကြဲချတိုက်ခိုက်ခြင်းတို့ကြောင့် နေအိမ် ၁၀၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ကြောင်း ကော့ကရိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

 

“ (မတ်လ)၁ ရက်နေ့က အမှတ် ၇ မှာမီးလောင်တာ ပိုဆိုးတယ်။ စကစပစ်တဲ့ လက်နက်ကြီးလည်း ကျတယ်။ မီးလောင်ဗုံးနဲ့လည်း ပစ်တယ်။ အိမ်တွေကစိပ်တော့ ပိုလောင်တာပေါ့။ ကွင်းပြင်ကြီးလိုဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

 

ထို့ပြင် မတ် ၃ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့၏ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အမှတ် ၄ ရပ်ကွက် ဦးမာမတ်သစ်စက်အနီးက ပြည်သူနေအိမ် နှစ်လုံးမီးလောင်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

 

“တိုက်ပွဲတော့ နည်းနည်းပါးပါးဖြစ်တာပေါ့။ အခုက ရှို့မီးပဲ ဖြစ်မယ်။ နှစ်ဖက်လုံးမှာ ဒရုန်းတွေရှိတော့ သူပစ်ကိုယ်ပစ် ပစ်နေကြတယ်။ ကြီးကြီးကျယ်ကျယ်တိုက်ပွဲတော့မဟုတ်ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။

 

ကော့ကရိတ်မြို့ စစ်ကောင်စီတပ်၏ လှိုင်ဝအမြှောက်ကုန်းမှ လက်နက်ကြီးများဖြင့် အမှတ် ၇ ရပ်ကွက်ဘက်သို့ မကြာခဏပစ်ခတ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

 

ထို့ပြင် မတ် ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ ခလရ ၉၇ တပ်ရင်းကို ကျားဖြူစစ်ကြောင်းက ဒရုန်းဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် တပ်ဝင်းအတွင်းရှိ ဗဟိုကင်းတဲ မီးလောင်ပျက်စီးမှုရှိခဲ့သော်လည်း ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ ၅ တပ်ခွဲမှူး ရဲဘော် သောမတ်က ပြောသည်။

 

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးလောင်ဗုံးကြဲခြင်းနှင့် ရှို့မီးများကြောင့် ၃ လကျော်တိုက်ပွဲကာလအတွင်း ကော့ကရိတ်မှ နေအိမ်အလုံးပေါင်း ၄၀၀ ကျော်ပျက်စီးခဲ့ကာ ဒေသခံ ၂၀,၀၀၀ ဝန်းကျင် ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်စစ်ဘေးတိမ်းရှောင်နေရစဲဖြစ်သည်။

 

ဓာတ်ပုံ − ပေးပို့