ကော့ကရိတ်နှင့် ကျုံဒိုးတွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သား(၂)ဦး သေဆုံး

Author လင်းနွေဦး
Categories
Published on Dec 02, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၂ ဦး ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ဒီဇင်ဘာ (၁) ရက်တွင်းမှာပင် ယင်းမြို့နယ်များအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျုံဒိုးမြို့တွင်းသို့ သန်းခေါင်ယံ (၁)နာရီ(၅၀)မိနစ်ခန့်တွင် နေပြည်တော်မှပျံတက်လာသော Jet Fighter ယာဉ်ပေါ်က ပေါင် (၅၀၀) ဗုံး နှစ်လုံးကြဲချခဲ့ရာ မိကသစ်ရွာအတွင်းရှိ ဘဏ္ဍာဓနတောရ ဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲကာ သက်တော် (၄၂) နှစ်၊(၂)ဝါရှိ ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ရသည်ဟု KNU က ဆိုသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်(တောင်ပိုင်း)ရှိ ကျေးရွာများပေါ်သို့ Yet-130 Jet Fighter (၂) စင်းဖြင့်ကြဲချသည့် ပေါင် (၅၀၀) ဗုံး(၄)လုံးသည် ဖန်းခါးကုန်းနှင့် နန်းရွှေမှုန်ကျေးရွာတို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဖန်းခါးကုန်းရွာအတွင်းရှိ ဇနီးမောင်နှံ နှစ်ဦးအနက် အမျိုးသမီးသေဆုံးပြီး အမျိုးသား(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်(၃)လုံး ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-KNU