ကော့ကရိတ်နှင့် ကျိုက်ထိုမြို့တို့တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးဒဏ်ရာရပြီး အိမ်အချို့ပျက်စီးဟု KNU ထုတ်ပြန်

Author လင်းနွေဦး
Categories
Published on Dec 01, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုနှင့် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

နိုဝင်ဘာ (၂၂)ရက်နေ့ ည(၉)နာရီ ၃၀မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် ဝင်းကလောကျေးရွာလမ်းဆုံ၌ တပ်စွဲထားသော တပ်မ (၄၄) လက်အောက်ခံ ခမရ-၂ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး သုံးလုံးသည် ဝင်းကလောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ယင်းကျေးရွာနေ အသက်(၃၂)အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီး စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဆိုသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ-၃၂၊ ခမရ-၅၅ နှင့် အမတ-၁၃၅ တပ်များမှ နိုဝင်ဘာ(၂၇)ရက် ညနေ(၄)နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်သည့် လက်နက်ကြီးများမှာ ကနဲလေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်သုံးလုံးမှာ ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU အုပ်ချုပ်မှုနယ်မြေများအတွင်း စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ (၁)ရက်မှ ယနေ့အထိ အရပ်သား(၃၀)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၇)ဦး သေဆုံးပြီး နေအိမ် (၇၀) လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ၏ တရားဝင်ထုတ်ပြန်ထားသော စာရင်းမှတ်တမ်းများအရ သိရသည်။