ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက် အလံဖြူထောင်လက်နက်ချသူများရှိ

Author လဂွန်းအိမ်
Categories
Published on Dec 01, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း ယနေ့(ဒီဇင်ဘာ ၁ ရက်)နံနက် အစောပိုင်းမှ စတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေကြောင်း CJ Platform ၏ သတင်းအရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁ ရက် နံနက် ၄ နာရီကျော်မှစတင်၍ လှိုင်ဝစစ်တပ်အမြှောက်ကုန်းနေရာနှင့် ခလရ ၉၇ တပ်ဘက်တို့တွင် နှစ်ဘက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူပေးနေရပြီး ယင်းမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးအချို့ မီးလောင်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

“ဒီမနက် နှစ်ဖက်တိုက်ပွဲ တော်တော်ပြင်းထန်ပါတယ်။ လေယာဉ်တွေနဲ့လည်း လာပစ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ ကျန်တာတွေတော့ ပြောလို့ မရသေးပါဘူး။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ပဲ ပြောလို့ရပါတယ်” ဟု စစ်ရေးသတင်းအမြစ်က CJ Platform သို့ ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ယနေ့ နံနက်အစောပိုင်းထဲက ပိတ်ထားပြီး ယာဉ်များပိတ်မိနေသလို ပြည်သူအချို့လည်း ပိတ်မိနေကြောင်း ယင်းနေရာတွင် ရောက်ရှိနေသည့် ယာဉ်မောင်းအချို့က CJ Platform ထံသို့ သတင်းပေးချက်အရ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အံဖ၊ ရွာတန်းရှည်နှင့် နန်းရွှေမှုံရွာတို့တွင် အရပ်သားထိခိုက်သေဆုံးမှုများရှိပြီး ယနေ့ နံနက် ၄ နာရီခန့်မှစတင်၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

 

လတ်တလော အာရှလမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း CJ Platform သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

“ကော့နွဲက စစ်တပ်အုပ်စုတွေ အလံဖြူထောင်ပြီး လက်နက်ချကြပြီ။ စခန်းလည်းရပြီး၊ ကမိုင်ကုန်းစခန်းလည်းရပြီ။ ကော့ကရိတ်လမ်းဘေးက စခန်းတွေအပါအဝင် ၉ တိုင်စခန်းအထိ ဆက်ဖြစ်နေတယ် ” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်ဟုဆိုကာ ကရင်ပြည်နယ်သတင်းများဖော်ပြနေသည့် Karen Information Center(KIC)က ဖော်ပြထားသည်။

 

ဓာတ်ပုံ- Karen Information Center(KIC)