ကော့ကရိတ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အရပ်သားများဒဏ်ရာရ၊ အိုးအိမ်ပျက်စီးမှုများရှိ

Author လင်းနွေဦး
Categories
Published on Nov 13, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများကျရောက်ပေါက်ကွဲ၍ အရပ်သားထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက် မွန်းလွဲ ၂ နာရီခန့်တွင် လေးကေကော်မြို့အနီး စွယ်တော်ကုန်းအမြှောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနီးရှိ ထီးသဘျူဖိုးခီးကျေးရွာအတွင်းကျရောက် ပေါက်ကွဲရာ ကျေးရွာအတွင်းရှိ အသက် (၁၂)နှစ်အရွယ်အမျိုးသမီးငယ်တွင် ဘယ်ဘက်ပေါင်၊ ဘယ်ဘက် လက်ကောက်ဝတ်နှင့် ရင်ဘတ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ (၁) ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်နှင့် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တို့တွင် ကော့ကရိတ်အခြေစိုက် လှိုင်ဝအမြှောက်တပ်နှင့် ခလရ (၉၇)တပ်ရင်းတို့မှ အံဖကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်(၈)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း KNU က ဆိုသည်။

ထို့နောက် နိုဝင်ဘာ (၂) ရက်နှင့် (၃)ရက်နေ့တို့တွင် အမတ(၃၂၃)နှင့် ခလရ(၉၇)မှ လက်နက်ကြီးများ ပစ်ခတ် မှုကြောင့် ကော့ကရိတ်မြို့တွင်း ကျရောက်ပေါက်ကွဲကာ အမှတ်(၂) ရပ်ကွက်နေ အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ စစ်ကောင်စီ၏ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် နိုဝင်ဘာ(၇)ရက်နေ့၌ ပူးပေါင်း မဟာမိတ်ဒရုန်းတပ်ဖွဲ့များမှ တပ်မ(၄၄)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းမှ တပ်စွဲထားသော ဇိနသုခ ဘုန်းကြီးကျောင်းပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခလရ (၉၇) တပ်ခွဲမှူးနှင့် ကိုယ်ရံတော်အပါအဝင်(၃)ဦး သေဆုံးခဲ့သည်။