ကော့ကရိတ်တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ(၂) မှရဲဘော်တစ်ဦးကျဆုံးခဲ့

Author လင်းခိုင်
Categories
Published on Oct 30, 2022

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း၊ ကျားဖြူ တပ်ခွဲ (၂) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

KNLA ပူးပေါင်းအဖွဲ့နှင့် ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ(၂)(96 SOLDIERS-PDF) ပူးပေါင်းတပ်ဖွဲ့မှ အောက်တိုဘာ ၂၁ရက်တွင် ကော့ကရိတ်မြို့၊ ကော့နွဲရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် ဖက်ဆစ် စစ်တပ်အား၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နာရီ၀က်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲ၌ ဖက်ဆစ် စစ်တပ်၊ တပ်စွဲထားသော စာသင်ကျောင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ အခြားစစ်မျက်နာပြင်ဖြစ်သည့် ထန်းပင်ကုန်း(ရွာသစ်)တွင်လည်း ကျားဖြူစစ်ကြောင်း စစ်ကြောင်းရုံးအဖွဲ့မှ ဦးဆောင်ကာ ကျားဖြူ တပ်ခွဲ ၂၏ တပ်ခွဲမှူးနှင့်ရဲဘော်များသည် အာရှလမ်းအားပိတ်ထားနိုင်ခဲ့ပြီး ရန်သူနှစ်ယောက်အား လက်နက်နှင့် တကွအရှင်ဖမ်းမိခဲ့သည်။

ထို့ပြင် ဖက်ဆစ် စစ်တပ် အခြေစိုက်ထားသည့် ကော့ကရိတ်မြို့ရှိ ၉၇ တပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၁၀ နာရီမှ စတင်ကာ ဖက်ဆစ် စစ်တပ်သည် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ ပတ်၀န်းကျင်ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် ကျဆုံးခြင်းများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများတွင် ကျားဖြူ ၂ တပ်ခွဲမှ ရှေ့တန်းစုမှူး တစ်ဦးအပါအ၀င် ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။