ကောလင်းမြို့ရှိ အဓိကထိန်းချုပ်နေရာများအားလုံးကို စစ်ကောင်စီ သာလွန်အင်အားသုံး၍ ပြန်လည်သိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Feb 16, 2024

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပူးပေါင်းအင်အားစုများ အဓိက ထိန်းချုပ်ထားသည့် နေရာများကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီဘက်မှ သာလွန်အင်အား အသုံးပြုကာ ပြန်လည်စစ်ကြောင်းထိုး သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ကောလင်းမြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီ အခြေချ တပ်စခန်းများအားလုံးကို ချေမှုန်းတိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်ကာ NUG မှ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်ကြေညာနိုင်ခဲ့သော ပထမဆုံး ခရိုင်အဆင့်မြို့ တစ်ခုဖြစ်သည်။

 

စစ်ကောင်စီမှ တပ်ဖွဲ့ဝင် စစ်သားများ၊ ပြည်သူ့စစ်များ အပြင် ပျူစောထီး အင်အား ၁၀၀၀ ဝန်းကျင်ခန့် အထိ အသုံးပြုကာ ယခုလ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ပြန်လည်ထိုးစစ်ဆင်ကာ ကောလင်းမြို့မြောက်ဘက် ဝန်းသို မြို့နှင့် တောင်ဘက်ရှိ ကန့်ဘလူမြို့တို့မှ စစ်ကြောင်းနှစ်ကြောင်း ခွဲ၍ သာလွန် အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

“သူတို့စစ်ရေးဗျူဟာက မြေပြင်သာလွန်အင်အားအပြင် လေကြောင်းက ဗုံးကြဲတာတွေ ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အပြင် အရန် စစ်သည် အဖြစ် တပ်သားမဟုတ်တဲ့ ပျူတွေ ၊ ပြည်သူ့စစ် တွေကို ရဟတ်ယာဉ်တွေနဲ့ တောက်လျောက် ဖြည့်တင်းနေခဲ့တာ”ဟု လက်ရှိတိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့် အမည်မဖော်လိုသူ မြေပြင်ထောက်ပို့ တစ်ဦးမှ CJ Platform သို့ပြောကြားသည်။

 

၎င်းသတင်းရင်းမြစ်မှ ပေးပို့လာသည့် အသံဖိုင်အတွင်း၌လည်း “ကျွန်တော်တို့ မပေးချင်ဘဲ ပေးလိုက်ရတာပါ၊ တောင်းပန်ပါတယ်”ဟု တော်လှန်ရေးရဲဘော် တစ်ဦးမှ ပြော​ကြားသည်ယူဆ ရသည့် နောက်ခံ အသံပါဝင်လာခဲ့သော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို CJ Platform မှ အတိအကျ အတည်ပြုနိုင်ခြင်း မရှိခဲ့ချေ။

 

စစ်ကောင်စီမှ သာလွန်အင်အား အသုံးပြုကာ ထိုးစစ်ဆင်မှုကြောင့် ဖေဖေါ်ဝါရီ ၁၄ရက်နေ့ ညပိုင်းမှ စတင်၍ တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်နေရာများအား လက်လွတ်ပေးခဲ့ရကြောင်း၊ ညပိုင်းတွင် ဆက်သွယ်ရေးလိုင်း အခက်အခဲများကြောင့် သတင်းရရှိမှု ပြတ်တောက်ခဲ့ကြောင်း၊ဖေဖော်ဝါရီ ၁၅ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ မတတ်သာသည့်အဆုံး ထိန်းချုပ်နေရာအများစုအား စွန့်ခွာကာ ကောလင်းမြို့ပြင်သို့ ခွာစစ်ဆင် ဆုတ်ခွာပေးခဲ့ရကြောင်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရရှိသည့် နောက်ထပ် ထောက်ပို့တစ်ဦးမှ CJ Platform သို့ ထပ်မံအတည်ပြု ပြောကြားသည်။

 

ကောလင်းမြို့တွင်းရှိ အခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိသည့် Kawlin Revolution-KR အဖွဲ့မှာလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈နာရီ ဝန်းကျင်တွင် စစ်ကောင်စီမှ ကောလင်းရှိ အဓိကနေရာများအား ထိန်းချုပ်နိုင်ပြီ ဟု ထုတ်ပြန်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၉နာရီခွဲ အချိန်ဝန်းကျင်တွင် စစ်ကောင်စီကားများ ကောလင်းမြို့သို့ အဝင်အထွက်ပြုလုပ်လျက် ရှိသည် ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီ၏ သာလွန်အင်အား အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများအတွင်း ပထမဆုံး NUG နှင့် မဟာမိတ် တပ်အင်အားစုများမှ  သိမ်းပိုက်ရရှိထားသည့် ခရိုင်အဆင့်ရှိ ကောလင်းမြို့ မကျစေရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော PDF တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် နယ်မြေခံ လက်နက်ကိုင်အင်အားစုများမှ ပူးပေါင်းကာ ခုခံစစ်ဆင်နွှဲခဲ့ခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်နိုင်ခဲ့သည့် မြို့လေးမြို့တွင် ကောလင်း၊ မောလူး၊ ခမ်းပတ်၊ ရွှေပြည်အေး ဟူ၍ ရှိရာ ကောလင်းမြို့အား စစ်ကောင်စီ ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရုံမက တမူးမြို့ ၊ပင်လည်ဘူး၊ ဗန်းမောက်မြို့များအား ဆက်သွယ်သွားလာရာတွင် အချက်အချာကျသည့် ရွှေပြည်အေးမြို့ကိုလည်း ဖေဖေဝါရီ ၈ ရက်နေ့မှ စတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များမှ ပြန်လည် ထိုးစစ်ဆင်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

Related News

Depend on news