ကောလင်းမြို့ကို ပြန်သိမ်းဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီ

Author မင်းထက်
Categories
Published on Feb 05, 2024

စစ်ကိုင်းတိုင်းအထက်ပိုင်းက ခရိုင်မြို့နယ်တစ်ခုဖြစ်တဲ့ ကောလင်းကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)ရဲ့ တပ်တွေ သိမ်းထားတာ ဒီနေ့ဆိုရင် သုံးလပြည့်ပါပြီ။

 

လတ်တလော NUG ရဲ့ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်းမြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာလို့ နေပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကစလို့ စစ်ကောင်စီဘက်က အင်အားဖြည့်တာတွေ၊ တပ်ဖြန့်တာတွေအပြင် စားနပ်ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် ကောလင်းမြို့ထဲကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း စစ်ကောင်စီဘက်က ပြုလုပ်နေကြပါတယ်။

 

တရုတ်ရဲ့ကြားဝင်မှုနဲ့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းသွားပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ကိုင်းဘက်ကို အာရုံစိုက်လာခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောကြပါတယ်။

 

စစ်ကောင်စီ ဘာတွေပြင်ဆင်နေလဲ။

 

လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လော်ဘီတွေက ကောလင်းမြို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

 

NUG အစိုးရ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို ပြန်လည်ရရှိစေရေး စစ်ကောင်စီက ဇန်နဝါရီလ နောက်ဆုံးအပတ် ၂၆ ရက်ကစတင်ကြိုးပမ်းနေတာဖြစ်တယ်လို့ အဲဒီက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

 

သူတို့ဟာ ကောလင်းမြို့နဲ့ အနီးဆုံးမြို့တွေဖြစ်တဲ့ ကန့်ဘလူနဲ့ ကျွန်းလှမြို့တွေကနေ ချဉ်းကပ်ဖို့ကြိုးစားနေကြတယ်လို့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။

 

စစ်ကောင်စီဘက်က ကောလင်းမြို့နဲ့ မိုင် ၄၀ ကျော်သာ အကွာအဝေးရှိတဲ့ ကန့်ဘလူမြို့နယ် အခြေစိုက် ၆၀ဝ၆ သံချပ်ကာတပ်ရင်းကို အင်အားတိုးမြှင့်တာတွေလုပ်နေတာပါ။ အဲဒီတပ်ရင်းကတစ်ဆင့် ကျွန်းလှမြို့ကို အဆင့်ဆင့် ပို့ဆောင်အင်အား ဖြန့်ခဲ့ကြပါတယ်။

 

ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကောလင်းမြို့ကို ထိုးစစ်ဆင်ဖို့ရန် ပြင်ဆင်ခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

“ရဟတ်ယာဉ်တွေ အသုံးပြုပြီးလည်း လက်နက်၊ ရိက္ခာ ပို့တာတွေလုပ်တယ်။ ဖေဖော်ဝါရီ ၁ ရက်က လေကြောင်း ပစ်ခတ်မှုလုပ်ပြီး ကျွန်းလှဘောလုံးကွင်းကနေ ကိုးတောင်ဘို့နဲ့ ဝန်းသိုတပ်စခန်းတွေကို အင်အားပို့တယ်။ ဒါကတော့ ကောလင်းနဲ့ အနီးစပ်ဆုံးစခန်းတွေကနေ ထိုးစစ်ဆင်ဖို့ အင်အားဖြည့်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

 

ကောလင်းက MoD တပ်တွေရဲ့ အခြေအနေ

 

အဲဒီလို စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်သိမ်းဖို့ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)တပ်တွေဘက်ကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့အပြင် မြို့အတွင်း ပုံမှန်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 

NUG အစိုးရက အပြည့်အဝထိန်းချုပ်ပြီး ပြည်သူ့အစိုးရယန္တရား လည်ပတ်နေတဲ့ ကောလင်းမြို့ ပုံမှန်ပြန်လည်ပတ်စေရန် မြို့နယ် ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဟန်ချက်ညီညီလှုပ်ရှားနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုလို NUG အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကောလင်းမြို့ကို ပြန်လည်ရရှိရေးကြိုးပမ်းမှုကြောင့် ဒေသတွင်း ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်လာမယ့်အကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းအကြား တွက်ဆနေကြပါတယ်။

 

ဒါကြောင့် တိုက်ပွဲတွေမဖြစ်ခင် ပြင်ဆင်တဲ့အနေနဲ့ ကောလင်းဒေသတွင်းက အရပ်သားပြည်သူတွေ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တာဝန်ရှိသူတွေက စီမံပေးနေတယ်လို့ သိရပါတယ်။

 

“လက်ရှိမှာ စကစစစ်ကြောင်းထိုးလာနိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့ ပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထားပါတယ်” လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကောလင်းအနီးတစ်ဝိုက်မှာရော ဘာဖြစ်နေလဲ။

 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ဆင်နွှဲနေချိန်မှာပဲ ကောလင်းအနီးက ကန့်ဘလူနဲ့ ကျွန်းလှမြို့တွေကို စစ်ကောင်စီတပ်တွေက ဝင်စီးခဲ့ကြပါတယ်။

 

ကန့်ဘလူနယ်ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို လေကြောင်းကနေ ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း‌ ထိခိုက်သေဆုံးခဲ့ရသလို ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပြင် နေအိမ်တွေလည်း ပျက်ဆီးခဲ့ရတယ်လို့ အဲဒီက ဒေသခံတွေဆီက သိရပါတယ်။

 

အဓိက အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီရဲ့ ၆၀ဝ၆ အထိုင်တပ်ရင်းက အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ ဇန်နဝါရီ ၂၉ ရက်ညပိုင်းကစပြီး ကျွန်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ်အတွင်း အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဝင်လုပ်ခဲ့တာကြောင့် ဒေသခံတွေတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ်တွင်း အရပ်သားနေထိုင်ရာ ကျေးရွာ‌တွေ၊ ဘာသာရေးအဆောက်အအုံတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကန့်ဘလူခရိုင်ထဲက ပင့်သာ၊ ချပ်သင်းနှင့် ကိုးတောင်ဘို့တိုက်နယ်တွေထဲက ဒေသခံပြည်သူအများအပြား ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ဆိုပါတယ်။

 

“စစ်ရှောင်တွေ ကူညီနေတယ်ဆိုတာကလည်း အလှူရှင်တွေပေါ်မူတည်ပြီး၊ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီနေတာပေါ့ဗျာ။ ဒီလို စကစ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတော့ မြေပြင်ကို ဆင်းကူညီဖို့ရာ မလုပ်နိုင်သေးဘူးပေါ့။ လုံခြုံရေးအခြေနေအရလည်းပါတယ်” လို့ ဒေသတွင်း စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

 

ကန့်ဘလူနယ်ထဲ စစ်ကောင်စီဘက်ကလို့ နာမည်ကြီးတဲ့ ဆရာတော် ဦးဝါသဝက ပြည်သူ့စစ်အဖွဲ့တွေကို ဦးဆောင်နေပြီး ကျွန်းလှမြို့နဲ့ သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းက ရွာအများစုမှာလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ ရွာတွေအဖြစ် ယင်းနယ်တစ်ဝိုက်က ဒေသခံတွေက သတ်မှတ်ထားကြပါတယ်။

 

ဒါကြောင့် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်က စစ်ကောင်စီနဲ့ ပျူတွေ အထိုင်ချတပ်စွဲထားတဲ့ ကျေးရွာတွေနဲ့နီးတဲ့ ကျေးရွာတွေက ဒေသခံ ၉၀ဝ၀ ဦးကျော်ဟာလည်း ကာလရှည်စစ်ရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

 

ရှမ်းပြည်(မြောက်ပိုင်း)မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအားကောင်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ဒီဇင်ဘာအထိ သုံးလတာကာလအတွင်း စစ်ကိုင်းတိုင်းထဲ စစ်ရေးအခြေအနေ လျော့ကျခဲ့ပေမဲ့ ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်ပြီးနောက် စစ်ကောင်စီက ပျူ(ပြည်သူ့စစ် )တွေနဲ့ပူးပေါင်းပြီး စစ်ရေးမြှင့်တင်လာသလို စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကာလတွေမှာ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ရွှေပြည်အေး၊ ခမ်းပတ်နဲ့ မော်လူးမြို့တို့ကို MoD ရဲ့ PDF တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

 

အဲဒီထဲက တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို ပြန်လည်ရရှိစေရေး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့က ကန့်ဘလူကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံးခဲ့တဲ့အကြောင်း NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်ထားပါတယ်။

 

ဆိုတော့ ကောလင်းကို လွယ်လွယ်နဲ့ပြန်သိမ်းမရဘူးလို့ သဘောပေါက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ မဟာဗျူဟာကျကျ ပြင်ဆင်မှုတွေပြုလုပ်နေကြတာပါလား။

 

ကောလင်းမြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၆ ရက်က MoD တပ်တွေဘက်က သိမ်းနိုင်ခဲ့တာကြောင့် ဒီနေ့(ဖေဖော်ဝါရီ ၆ ရက်)မှာ သုံးလပြည့်ပါပြီ။

 

ပထမဆုံးမြို့လေး လက်မလွှတ်ရရေး NUG ဘက်က ကြိုးပမ်းနေသလို စစ်ကောင်စီဘက်ကလည်း ပြန်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လာနေပါတယ်။

Related News

Depend on news