ကောလင်းတွင် NUG အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ လည်ပတ်နေပြီဖြစ်၊ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ နေရာများအား ပစ်ခတ်နေ

Author မင်းထက်
Categories
Published on Dec 23, 2023

အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အ၀ထိန်းချုပ်ပြီး ပြည်သူ့အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ကောလင်းမြို ပုံမှန် ပြန်လည်ပတ်စေရန် မြို့နယ်ကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များ ဟန်ချက်ညီညီ လှုပ်ရှားလျက်ရှိနေကြောင်း ၊  တဖက်တွင်လည်း နယ်ခံပြည်သူများအနေဖြင့်လည်း စစ်တပ်၏  လက်နက်ကြီး ​အန္တရာယ် စိုးရိမ်နေကြရကြောင်း ၊ ဒေသခံစစ်ရှောင်ပြည်သူများသည်လည်း စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

ကောလင်းမြို့တွင် ပုံမှန်အခြေအနေ၏ ၆၀ရာခိုင်နှုန်းသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ နေရာများအား ရမ်းသမ်းပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် ပြည်သူအချို့မှာ ဒေသတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ရဲခြင်း မရှိသေးကြောင်း သိရသည်။

 

“လက်ရှိအချိန်ထိ စစ်ရှောင် ပမာဏအရမ်းမများဘူးဆိုပေမယ့် ဝန်းသို ခမရ ၁၂၀ က လက်နက်ကြီးနဲ့ ထုထုနေလို့ ပြန်မဝင်ပဲ နေနေသေးတဲ့ ပြည်သူတွေလည်း ရှိနေတုန်းပါဗျ အဲ့တာက အဓိကအခက်အခဲပေါ့၊ အစိုးရက ပြန်ဝင်ခွင့်တော့ ပေးထားတယ် ဆိုပေမယ့် အချို့က လက်နက်ကြီးကြောင့်ကြောက်လန့်ပြီး မဝင်ရဲကြသေးတာပါ” ဟု ကောလင်းမြို့ ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

ကောလင်းမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားစာနာဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နို၀င်ဘာလ ၆ ရက်နေ့တွင် စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ၊ အမိုးအကာများနှင် ငွေကြေးပံ့ပိုးခြင်း လုပ်ငန်းများ အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိခဲ့ကြောင်း NUG ၀န်ကြီးဌာနက ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် နိုင်ငံတကာမှရရှိသည့် အလှူငွေ ကျပ်သိန်း ၆၄၀ကျော်အား  ကောလင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ ငါးရွာနှင့် သဘာဝဘေးဒဏ်ခံ ကျေးရွာ တစ်ရွာရှိ အိမ်ထောင်စု ၇၀၀ကျော်မှ လူဦးရေ ၃၀၀၀ ကျော်အတွက် တစ်ဦးလျှင် ငွေသား ၁၈,၂၅၀ ကျပ်နှင့် အိမ်ထောင်စုတစ်စုလျှင် ၈,၀၀၀ ကျပ်တန်ဖိုးရှိ စားနပ်ရိက္ခာများကို ချိတ်ဆက်ပံ့ပိုးခဲ့ကြောင်း ၊  သို့ရာတွင် ကောလင်းခရိုင်အတွင်း၌ စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီး ပစ်ခတ်မှုရန်ကြောင့် ထိခိုက်ခံစားကြရသည့် ဘေးသင့် ပြည်သူများစွာရှိကြပြီး အကူအညီ လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပမှ ရရှိလာသည့်  အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် စစ်ဘေးရှောင် ပြည်သူများထံသို့ လက်ဝယ်အရောက်ရရှိရန် ယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြေပြင်ရှိ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။

Related News

Depend on news