ကောလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

Author မင်းထက်
Categories
Published on Jan 03, 2024

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ထိန်းချုပ်မှုအောက်တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့် လည်ပတ်နေပြီဖြစ်သော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ကောလင်းမြို့အတွင်းသို့ ယမန်နေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ၉ နာရီ ၂၀ မိနစ်ခန့်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ဝန်းသို ခမရ-၁၂၀ မှ ဟောင်ဝဇ်ဇာ လက်နက်ကြီးဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများနေထိုင်ရာမြို့တွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ခြောက်ကြိမ်တိတိပစ်ခေတ်ခဲ့ကြောင်း သိရသည်။

“မနေ့က ခြောက်ကြိမ်ပစ်တယ်။ တစ်ပတ်တစ်ခါလောက် ပစ်တယ်။ ပုံမှန်ကို ပစ်နေတာ။ အခုကောင်းသွားတာက စစ်ကြောင်းမထိုးရဲဘူး။ စကစတွေရှိတုန်းကလည်း ထွေအုပ်ရုံထဲက အမြဲလိုရမ်းပစ်နေကြဆိုတော့ သိပ်မထူးပါဘူး။ လေကြောင်းတစ်ခုပဲ စိုးရိမ်ရတာ။ ဒီနေ့တော့ ဈေးက လူတွေမရှိဘူး” ဟု ကောလင်းဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုပစ်ခတ်မှုအတွင်း လူနေအိမ် လေးလုံးပျက်ဆီးခဲ့သည့်အပြင် နံနက် ၉ နာရီ ၁၉ မိနစ်နှင့် ၂၁ မိနစ်ခန့်တို့တွင်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးနှစ်လုံးကြောင့် ကောလင်းမြို့နယ် အရှေ့ဈေးကြီးအတွင်းသို့ ကျရောက်ခဲ့သည့်အတွက် ဈေးသည်များနှင့် ဈေးဝယ် ပြည်သူငါးဦးသေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် အမျိုးသားတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးတို့ကို ဒေသခံလူမှုကူညီရေးအဖွဲ့များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည့်အပြင် ဒဏ်ရာရသူများကိုလည်း သက်ဆိုင်ရာဆေးအဖွဲ့များမှ ဆေးကုသမှုပေးထားကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းယူခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ကာ ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်ခဲ့သည်။