ကုလသမဂ္ဂ၏ ရိုဟင်ဂျာများနှင့် လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းတွင် စစ်အုပ်စု၏ ခြိမ်းခြောက်မှုအတွက် တာ၀န်ခံမှုရှိစေရန် တောင်းဆိုရာတွင် အားနည်းနေဟု NUG ဝေဖန်

Author လင်းခိုင်
Categories
Published on Nov 17, 2022

ကုလသမဂ္ဂ၏ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းတွင် စစ်အုပ်စု၏ ခြိမ်းခြောက်မှုအတွက် တာ၀န်ခံမှုရှိစေရန် တောင်းဆိုရာတွင် အားနည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာနက ယင်းမူကြမ်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဝေဖန်ထားသည်။

ယခုနှစ် နို၀င်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့်အခြားလူနည်းစုများ၏ လူ့အခွင့်အရေး ဆိုင်ရာမူကြမ်းအား အတည်ပြုခဲ့သည့် အပေါ်ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

ယခုအဆိုမူကြမ်းတွင် တရားမ၀င်အာဏာသိမ်းစစ်အုပ်စုမှ မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်သည့် ဆရာ၀န်များ၊ သင်ကြားရေးပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ အနုပညာရှင်များနှင့် သတင်းထောက်များအပေါ်တွင် ကျူးလွန်လျက်ရှိသည့် မတရားဖမ်းဆီးချုပ်နှောင်မှု၊ နိုင်ငံရေးအရ လှုံ့ဆော်သည့်ပြစ်မှုများ၊ ဥပဒေမဲ့ သေဒဏ်စီရင်ခြင်းနှင့် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရာဇ၀တ်မှုများကိုလည်း ပြည့်စုံစွာဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သို့သော် မူကြမ်း၌ စစ်အုပ်စုမှ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အား ထိပါးစော်ကားမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်စေမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အပေါ် ခြိမ်းခြောက်မှုတို့အတွက် တာ၀န်ခံမှုရှိစေရန် တောင်းဆိုရာတွင် အားနည်းလျက်ရှိသည်ဟု NUG ကဆိုသည်။

ယင်းအပြင် စာသင်ကျောင်းများနှင့် အများပြည်သူစုဝေးရာ နေရာဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ခြင်းများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုများကို ဆက်လက်မြင်တွေ့စေသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ပစ်မှတ်ထားဖြေရှင်းပေးနိုင်မည့် လက်နက်တင်ပို့ရောင်းချခြင်းအား ဖျက်သိမ်းစေနိုင်မည့် အစီအစဉ်ကိုလည်း တောင်းဆိုရန်ပျက်ကွက်ခဲ့သည်ဟု NUG က ထောက်ပြထားသည်။

ထို့ကြောင့် ယခုအတည်ပြုခဲ့သည့် အဆိုမူကြမ်းအပြင် မြန်မာပြည်သူများနှင့် ဒေသတွင်းအပေါ်ကြီးမားကျယ်ပြန့်သော ဆိုးကျိုး သက်ရောက်မှုရှိစေသည့် စစ်တပ်၏ လုပ်ဆောင်ချက်များကို ပြည့်ပြည့်၀၀ဖြေရှင်းပေးနိုင်မည့် အခြားသော အဆိုမူကြမ်းတစ်ခုအား ကုလသမဂ္ဂ အထွေအထွေညီလာခံအနေဖြင့် အားဖြည့်ပံ့ပိုးပေးသင့်ကြောင်း NUG က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ရိုဟင်ဂျာ #ကုလသမဂ္ဂ