ကုန်းဆွတ်ရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် အိမ်ပေါ်ကျ၍ မိသားစုဝင်များဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Nov 04, 2022

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်အတွင်းရှိ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်းထံမှ သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်သည့် လက်နက် ကြီးကျည်သည် ကုန်းဆွတ်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်သည်။

“ရွာခံတွေပြောတာက တိုက်ပွဲမဖြစ်ဘူး ဒီအတိုင်းပစ် တာတဲ့ ရွာထဲ ၅ လုံးလောက်ကျတယ် တလုံးက အဲ့အိမ်ပေါ်ကျတာပေါ့ သေတာတော့မရှိဘူး မျက်စိထိတဲ့တယောက်ကတော့ စိုးရိမ်ရတယ်”ဟု ရွှေလွိုင် ကော်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platformသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အသက်၅၄နှစ်အရွယ်ဒေါ်နန်းမွန် လည်ပင်း ထိ မှန်ဒဏ်ရာ၊အသက် ၃၀နှစ်အရွယ်ဒေါ်လှရွှေ ဘယ်မျက်လုံးထိမှန်ဒဏ်ရာ အသက်၃၃ နှစ်ရွယ် ဦးဒေးဗစ် ဦးခေါင်း ထိမှန်ဒဏ်ရာနှင့် အသက် ၂ နှစ်အရွယ်မနန်းစုဒါလီနှင်း ဦးခေါင်းထိမှန်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ ဒဏ်ရာရရှိခဲ့သူများကို လွိုင် ကော် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး လင်ဖုံကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
#ကရင်နီပြည် #လွိုင်ကော်မြို့ #လက်နက်ကြီး
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform