ကုန်တင်သင်္ဘော ထိန်းချုပ်မှုကင်းမဲ့ပြီး အမေရိကန်က တံတားတစ်ခုလုံးနီးပါးပြိုပျက်သည်အထိ ဝင်တိုက်မိ၊ တံတားလုပ်သား ၆ ဦးခန့်သေဆုံးဟုဆို
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘော်တီမိုးမြို့ရှိ ဖရန်ဆစ် စကော့ကီး(Francis Scott Key)တံတားကို ယမန်နေ့ မတ်လ ၂၆ ရက် အင်္ဂါနေ့ နံနက်အစောပိုင်း(မြန်မာစံတော်ချိန် ညပိုင်း)တွင် ဝင်တိုက်ခဲ့မိသည့်အတွက် တံတားအလယ်ပိုင်း တစ်ခုလုံးပြိုကျပျက်စီးခဲ့ရသည်။
စင်ကာပူအလံတပ်ဆင်ထားသည့် ကုန်တင်သင်္ဘောသည် အင်ဂျင်စက်ချို့ယွင်းကာ ထိန်းချုပ်မှု လွတ်ကင်းခဲ့သည့်အတွက် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြမှုအရ သိရသည်။
ထိုမတော်တဆမှုကြောင့် တံတားပေါ်ရှိ ဆောက်လုပ်ရေးလုပ်သား ၆ ဦးပျောက်ဆုံးကာ သေဆုံးစာရင်းတွင် ထည့်သွင်းထားကြောင်း မေရီလန်းပြည်နယ် အာဏာပိုင်များက ပြောကြားထားသည်။
DALI အမည်ရ ကုန်တင်သင်္ဘောသည် စင်းလုံးငှား သင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် Synergy Group ပိုင် ကုန်တင်သင်္ဘောတစ်စီးဖြစ်သည်။
ဘော်တီမိုး ဆိပ်ကမ်းအနီးရှိ ၁ ဒသမ ၆ မိုင်အရှည်ရှိ The Key Bridge ဟု အမည်တွင်သည့် ယင်းတံတားကြီးကို ၁၉၇၇ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကူးသန်းသွားလာရေးနှင့် ကုန်သွယ်ရေးတို့အတွက် အဓိကအရေးပါသော တံတားတစ်စင်းဖြစ်သည်။
မတော်တဆဖြစ်စဉ်အတွင်း တံတားကျိုးကျမှုကြောင့် တံတားပေါ်ရှိ လမ်းတံတားဆောက်လုပ်ရေးဌာနမှ လုပ်သား ၆ ဦးအပါအဝင် မော်တော်ယာဉ်များပါ ပါတပ်စကို(Patapsco)မြစ်အတွင်း ပြုတ်ကျခဲ့ကြောင်း၊ ရှာဖွေရေးလုပ်ငန်းစဉ်များကို မတော်တဆဖြစ်စဉ်အပြီး နာရီပေါင်းများစွာကြာပြုလုပ်ခဲ့ကြောင်း မေရီလန်း ပို့ဆောင်ဆက်သွယ်ရေး အတွင်းရေးမှူးက AP သတင်းဌာနသို့ပြောသည်။
“တံတားကျိုးကျမှု ဖြစ်စဉ်အတွင်း လူ ၈ ယောက်လောက် တံတားပေါ်ရှိနေခဲ့ပြီး ၂ ယောက်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၆ ယောက်က ပျောက်ဆုံးနေပြီး ရှာဖွေလို့မရတဲ့အတွက် သေဆုံးတယ်လို့ ယူဆထားပါတယ်။ အဲဒီ ၆ ယောက်ထဲမှာ ၂ ယောက်က ဂွာတီမာလာ နိုင်ငံသားတွေဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ပေါလ် ဝိုင်ဒီဖဒ် (Paul Wiedefeld) က ပြောသည်။
ဝင်ရောက်တိုက်မိသည့် ကုန်တင်သင်္ဘောပေါ်မှ တစ်စုံတစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ပေ။ မြစ်အတွင်း ပြုတ်ကျခဲ့သော ကားများအနက်မှ ၅ စီးကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုအခါ ရပ်ဆိုင်းထားပြီဖြစ်ကြောင်း အာဏာပိုင်များ၏ ပြောကြားမှုကို CNN သတင်းဌာနက ဖော်ပြသည်။
ယခုကဲ့သို့မတော်တဆဖြစ်စဉ်ကြောင့် မေရီလန်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသကဲ့သို့ အိမ်ဖြူတော်အပါအဝင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့က ဝမ်းနည်းကြောင်း စကားဆိုထားသည်။
“ဒီမနက်မှာ ဘော်လ်တီမိုးမတော်တဆဖြစ်ရပ်အတွက် သတင်းစကားတွေ အများကြီးလက်ခံရရှိခဲ့ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကို ဒီကြောက်မက်ဖွယ်ဖြစ်ရပ်အတွက် ရှာဖွေကယ်ဆယ်ရေးတွေအတွက် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပြီး မြန်နိုင်သမျှမြန်အောင် သွားရောက်ဖို့လည်း ရှိပါမယ်” ဟု ဂျိုးဘိုင်ဒန်က ၎င်း၏ လူမှုကွန်ရက် X (ယခင် Twitter) တွင် ရေးသားခဲ့သည်။
တံတားပျက်စီးမှုတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာ သန်းရာချီရှိနေပြီး ပြန်လည်တည်ဆောက်မည့်လုပ်ငန်းစဉ်များကို ချက်ချင်းစတင်နိုင်ဦးမည်မဟုတ်ကြောင်း ဆိုသည်။
တံတားပျက်စီးမှုကြောင့် အခြားသော ကူးသန်းသွားလာရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းစဉ်များ ထိခိုက်နှောင့်နှေးကာ စီးပွားရေးအရ ထိခိုက်နစ်နာမှုများရှိနေပြီး ပြည်နယ်စီးပွားရေးကိုပါထိခိုက်မှုရှိနေကြောင်း မေရီလန်းပြည်နယ် အာဏာပိုင်များနှင့် ဒေသခံများ၏ ပြောဆိုနေကြသည်။