ကိုးလတာ ကာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁ဝဝကျော်ထိရှိ

Author အောင်နိူင်သူ
Categories
Published on Oct 14, 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာ ကာလအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၂၁၀၂ဦးရှိသည်ဟု ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးများတွင် ၂၀၂၂ ခုနှစ် ကိုးလတာကာလအတွင်းယာဥ်တိုက်မှု ၄၂၈၂ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂၁၀၂ ဦးနှင့်ဒဏ်ရာရရှိသူ ၅၉၁၁ ဦးရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောသည်။

“အရင်နှစ်ထက်စာရင်တော့ သေတဲ့သူနည်းနည်းလျှော့သွားတယ် ယာဥ်တိုက်မှုလည်းနည်းသွားတယ် ဒဏ်ရာရတဲ့သူတွေထဲမှာ ဧရာဝတီတိုင်းက များတယ်”ဟုပြောသည်။

၂ဝ၂၂ ခုနှစ် (၉)လအတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၇၂ဝမှုဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှ အနည်းဆုံးဖြစ်ကာ စုစုပေါင်းယာဥ်တိုက်မှု ၄မှုသာ ရှိသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

သေဆုံးမှုစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး ၃၃၉ ဦးအထိရှိကာ မန္တလေးတိုင်းဒေသကြီးမှ ၃ဝ၃ဦးရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် ၂၅၂ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရမှုမှာ ဧရာဝတီတိုင်းဒေသကြီးမှ ၉၉၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှ ဒဏ်ရာရရှိသူ သုံးဦးသာရှိ၍ အနည်းဆုံးဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ စက် တင်ဘာလအထိ ၉လအတွင်း ယဉ်တိုက်မှု ၄၈၃၆မှုနှင့် သေဆုံးသူမှာ ၂၃၉၈ဦး ရှိခဲ့သည့်အတွက် နှိုင်းယှဉ်မှုအရ ယခုနှစ်မှာ သေဆုံးမှုလျော့နည်းလာကြောင်းကို တွေ့ရသည်။