ကိုးကန့် အထူးဒေသ(၁) ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတဝှန်းရှိ ပညာရှင်များအား MNDAA ဖိတ်ခေါ် ၊ ဗမာလူမျိုးအား လက်မခံဟု ကောလာဟလ ဖြန့်ချိနေမှုမှာ မှားယွင်းဟု လီကျားဝင်းပြော

Author အဂ္ဂ
Categories
Published on Jan 29, 2024

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးကို ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း အထူးဒေသ (၁) အဖြစ်ဖွဲ့စည်းကာ ဒေသပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးရှိ အသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကန့်အထူးဒေသ(၁) ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပညာရှင်များကို ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်ကို ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်)က တရုတ်ဘာသာဖြင့် တင်ထားပြီး အဆိုပါ ထုတ်ပြန်ချက်အတွင်းတွင် အထူးဒေသ (၁) သည် စစ်ကောင်စီနှင့် လက်အောက်ခံများ၏ အုပ်စိုးမှုအောက်တွင် (၁၄) နှစ်တာနေခဲ့ရပြီးဖြစ်သည့်အတွက် လက်ရှိတွင် အဆိုပါဒေသတွင် ပျက်စီးပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေပြီး အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းရန် စိတ်ဝင်စားသည့်သူများအနေဖြင့် လာရောက်ပူးပေါင်းကြရန် ဖိတ်ခေါ်ထားသည်။

 

“ဒါကတော့ ကျွန်တော်တို့ အထူးဒေသ (၁) လည်း ပြန်လည်ထူထောင်ခဲ့ပြီပေါ့နော့၊ ပြီးတော့ ဒီအွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာမှုခင်းတွေလည်း အကုန်လုံး အလုံးစုံ ရှင်းလင်းနိုင်ခဲ့ပြီဆိုတော့ ဒီ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့က ကြိုးစားအားထုတ်ကြတော့မှာပေါ့နော့၊ ဆိုတော့ ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ် ကဏ္ဍအသီးသီးက ပညာတတ်တွေ၊ Technique ပိုင်းက ပညာတတ်တွေကို ကျွန်တော်တို့က ဖိတ်ခေါ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ပါ” ဟု တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားသည့် စာကို လီကျားဝင်းက CJ Platform သို့ ရှင်းလင်းပြောပြသည်။

 

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတဝှန်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်ထားသော ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ MNDAA ဗဟိုက ဆုံးဖြတ်ချက်၊ အစီအစဉ်များ သီးခြားမရှိသေးသော်လည်း နောက်နောင်တွင် ရှိလာနိုင်သည်ဟုလည်း ၎င်းက ပြန်လည်ဖြေကြားသည်။

 

ထို့သို့ တစ်နိုင်ငံလုံးကို ဖိတ်ခေါ်နေသော်လည်း ဗမာလူမျိုးများကို ကိုးကန့်ဒေသတွင် လက်မခံဟူ၍ ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ “ကျွန်တော်တို့က ဗမာလူမျိုးကို လက်မခံဘူးဆိုတာ လုံးဝမဟုတ်ဘူးဗျ၊ ဒါပေမဲ့ အခုအခြေအနေက နည်းနည်းထူးခြားတဲ့ အခြေအနေဖြစ်တယ်၊ ဆိုတော့ အခုလိုအခြေအနေမှာ ဗမာလူမျိုးတွေ အနေနဲ့ လာဖို့က စစ်ဆေးမှုတွေ အများကြီး ခံရလိမ့်မယ်၊ ဒါကတော့ သေချာပါတယ်၊ ဆိုတော့ လက်မခံတာတော့ လုံးဝမဟုတ်ဘူး ဒါပေမဲ့ အခြေအနေ မသင့်တော်သေးတာလို့ပဲ ကျွန်တော် ဒီလိုပဲ ပြောလို့ရပါမယ်” ဟု ပြန်လည် အဖြေပေးခဲ့သည်။

 

ထို့နောက် ယခုထုတ်ပြန်ချက်၊ ဖိတ်ခေါ်ချက်သည် တစ်နိုင်ငံလုံးရှိသူများအားလုံး အကျုံးဝင်ပြီး လူမျိုးခွဲခြားတာမျိုး လုံးဝမရှိကြောင်းကိုလည်း လီကျားဝင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

လက်ရှိတွင် ကိုးကန့်တပ် (MNDAA) သည် ညီနောင်မဟာမိတ်မျာနှင့်အတူ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ဇန်နဝါရီ (၁၁) ရက်နေ့မှ စတင်ကာ ရှမ်းမြောက်တခွင်တွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲသည့် “ဟိုင်ဂင်သဘောတူညီမှု” စာချုပ်ကို ချုပ်ဆိုထားပြီး ကိုးကန့်ဒေသဖြစ်သည့် အထူးဒေသ(၁)၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

 

ထိုသို့အပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်က ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်ရှိ တအာင်းတပ်မတော်(TNLA)၏ စစ်ဒေသများရှိ ညီနောင်မဟာမိတ်တို့၏ အခြေစိုက် စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်၊ အရပ်သားပြည်သူများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲချခြင်းများ ပြုလုပ်နေသည့်အတွက် အရပ်သားပြည်သူများ သေဆုံးခြင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ်နေသော်လည်း ညီနောင်မဟာမိတ်များကမူ အပစ်ရပ်စဲရေးစာချုပ်အတိုင်း သည်းခံလိုက်နာနေကာ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးသည်ကို ညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ပုံစာညွှန်း – အထူးဒေသ(၁) ရှိ အရပ်သားပြည်သူများနှင့် ကိုးကန့်တပ်မှ တာဝန်ရှိသူများ ဇန်နဝါရီ (၁၆) ရက်နေ့တွင် တွေ့ဆုံခဲ့စဉ် (ပုံအဟောင်း)