ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုအား MNDAA ထပ်မံသိမ်းပိုက် တပ်ရင်းမှူးတစ်ဦးသေဆုံး

Author လင်းနွေဦး
Categories
Published on Nov 28, 2023

“၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့် အချိန်တွင် ကိုးကန့်ဒေသနှင့် ကျောက်မဲဒေသတို့ရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခုအား ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးအဆင့် အရာရှိတစ်ဦးအား တိုက်ပွဲအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) မှ ထုတ်ပြန်သည်။

 

နိုဝင်ဘာ (၂၆)ရက်နေ့ ညနေ (၅)နာရီ (၃၀)မိနစ်အချိန်တွင် MNDAA မှ ဒရုန်းများ ၊လက်နက်ကြီးပစ်ကူတို့ဖြင့် တုန်ရှမ်းဒေသ မှတ်တိုင် (၁၂၇) ဓာတ်အားပေး စက်ရုံ၌ အခြေချ တပ်စွဲထားသည့် စစ်ကောင်စီ စခန်းအား တိုက်ခိုက်ခဲ့ပြီးနောက် (၁၇) မိနစ် အကြာတွင် အဆိုပါ စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။

ထိုနေ့တွင်ပင် မုံကိုးခရိုင်၊ မိုင်းပေါ်ဒေသ၊ နန်တောက်အုပ်စု ၊လုံခမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၇၉) ၏ တပ်ရင်းမှူး အား MNDAA မှ ပစ်ခတ်ချေမှုန်း နိုင်ခဲ့ပြီး ခမရ(၄၀)မှ တပ်သားတစ်ဦးအား ဒဏ်ရာများနှင့်အတူ ဖမ်းဆီးရခဲ့သဖြင့် လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း MNDAA မှ ဆိုသည်။

 

ထို့နောက် “၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့်အဖြစ် နိုဝင်ဘာ (၂၇) ရက်နေ့ ညနေ (၇)နာရီခွဲ အချိန်တွင် MNDAA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ တပ်မဟာ (၂) တပ်ဖွဲ့များ ပူးပေါင်းကာ ကျောက်မဲနှင့် လားရှိုးဒေသရှိ ခုတန်စေတီကုန်း High Point တွင် အခြေချ တပ်စွဲထားသော စစ်ကောင်စီ စခန်းအား တိုက်ခိုက်ကာ ည (၈)နာရီ အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA မှ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

“၁၀၂၇ စစ်ဆင်ရေး” စတင်သော အောက်တိုဘာ (၂၇) ရက်မြောက်နေ့မှ နိုဝင်ဘာ (၂၇) ရက်နေ့ တစ်လပြည့် အချိန်ကာလအတွင်း ညီနောင် မဟာမိတ်သုံးဖွဲ့ မှ ရှမ်းပြည်မြောက်ပိုင်းတွင် တရားဝင်ထုတ်ပြန်သော စာရင်းမှတ်တမ်းအရ စစ်ကောင်စီ၏ တပ်စခန်း (၁၇၈)ခု အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး သံချပ်ကာ ကားရှစ်စီးအပြင် မြောက်မြားစွာသော လက်နက်ခဲယမ်းများကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီ၏ ခမရ-၁၂၉ တပ်ရင်း တစ်ရင်းလုံး လက်နက်ချ၍ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည် အထိ စွမ်းဆောင်နိုင်ခဲ့သည်။

 

ဓာတ်ပုံ-The Kokang