ကိုးကန့်ဒေသရှိ MNDAA ထိန်းချုပ်မြို့များတွင် စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ထားသလို အရပ်သားတွေကို လွတ်လပ်စွာသွားလာခွင့်ပြု

Author အဂ္ဂ
Categories
Published on Nov 25, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားရာ မြို့များတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ထားသလို အရပ်သားများကိုလည်း လွတ်လပ်စွာ သွားလာခွင့်ပြုထားကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက CJ Platform သို့ ပြောသည်။

“ကိုးကန့်ဒေသထဲမှာဆိုရင် ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်တဲ့နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။

ထို့ပြင် လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများကိုလည်း လက်လှမ်းမီသမျှ ဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးနေပြီး လက်လှမ်းမမီနိုင်သေးသည့် အရပ်သားများကိုလည်း  လက်လှမ်းမီနိုင်ရန် နည်းလမ်းများရှာနေကြောင်း CJ Platform ၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) ရက် ယနေ့ နိုဝင်ဘာ (၂၅)ရက်အထိ စစ်ဆင်ရေး(၂၉) ရက်တာကာလအတွင်း ကိုးကန့်တပ်(MNDAA)သည် ကိုးကန့်ဒေသထဲရှိ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ စသည့် မြို့ခြောက်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်သလို ညီနောင်မဟာမိတ်အဖွဲ့ထဲက တအာင်းတပ်မတော်(TNLA)ကလည်း နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။