ကိုးကန့်ဒေသရှိ စစ်ကောင်စီစခန်း (၈)ခု ထပ်သိမ်း၊ ဒေသတွင်းအရေးပါသော ဟုန်အိုင်-မော်ထိုက်လမ်းကြောင်း ပြန်ပွင့်

Author လင်းနွေဦး
Categories
Published on Nov 17, 2023

၁၀၂၇ စစ်ဆင်ရေး ရက်(၂၀) မြောက်နေ့အဖြစ်ဆင်နွှဲသည့် တိုက်ပွဲများအတွင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း(၈)ခုအထိ ထပ်မံသိမ်းယူနိုင်ခဲ့ပြီး  ယင်းဒေသအတွင်း အရေးပါသော ဟုန်အိုင်-မော်ထိုက် လမ်းကြောင်းတကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းကိုးကန့်တပ် MNDAA က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် MNDAA မှ ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲ တောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကိုးကန့်တပ်ထံမှ သိရသည်။

 

ထို့ပြင် ထိုနေ့မှာပင် ကိုးကန့်ခရိုင် ဟုန်ရှင်း(မော်ထိုက်ဒေသ)၊ မော်ထိုက်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခဲ့ပြီး ဟုန်အိုင် လွတ်မြောက်ဒေသနှင့် မော်ထိုက်ဒေသကြားရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA က ဆိုသည်။

 

ထိုသို့ သိမ်းပိုက်နိုင်မှုကြောင့် ယင်းဒေသများကြားရှိ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါသော ဟုန်အိုင်-မော်ထိုက် လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် မော်ထိုက်တာလျံတောင်ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီးနောက် မော်ထိုက်ဒေသရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ ကိုဟုန်ရှင်းဒေသ ချုံကန်အထိ နယ်မြေချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး ၂၀ ရက်မြောက်နေ့ ညနေ (၃)နာရီ (၅၀) မိနစ်ခန့်၌လည်း ပြီးခဲ့သည့် နိုဝင်ဘာ (၁၀)ရက်နေ့ နံနက် (၉)နာရီခန့်ကတည်းက ဝန်းရံပိတ်ဆို့ထားသော လောက်မှုကျူ တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း (၁၇၀) နီးပါးအထိရှိလာပြီး သံချပ်ကာကား (၈) စီး၊ လက်နက်ခဲယမ်းအမြောက်အမြား နှင့်အတူ စစ်အသုံးအဆောင်အမြောက်အမြားစွာကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။