ကိုယ့်ပြည် ကိုယ်ဝင်ခွင့်မရတဲ့ ဝန်ကြီးချုပ်

Author အဂ္ဂ
Categories
Published on Mar 09, 2024

ပြည်ပကို ရောက်ရှိနေတဲ့ ဟေတီနိုင်ငံရဲ့ ဝန်ကြီးချုပ် အေရီရယ် ဟင်နရီ (Ariel Henry)ဟာ နိုင်ငံတွင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လက်နက်ကိုင်တွေဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ၊ ခုရက်ပိုင်းအတွင်းမှာ အကျဉ်းထောင်ကို လက်နက်ကိုင်တွေ ဝင်တိုက်ခိုက်ပြီး အကျဉ်းသား (၄,ဝ၀ဝ) ကျော်ကို လွတ်ပေးခဲ့တာတွေ ဖြစ်ပွားခဲ့တာကြောင့် ပြည်တော်ပြန်ဖို့ခက်ခဲနေသလို သူ့ရဲ့အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်လည်း စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။

 

ဟင်နရီဟာ ဒိုမီနီကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဟေတီနိုင်ငံရဲ့ လေယာဉ်အဝင်အထွက်တွေကို ပိတ်ပင်ထားတဲ့အတွက် ပွာတိုရီကို နိုင်ငံထဲကို လေယာဉ်ဆင်းသက်ခဲ့ရပြီး  ဗုဒ္ဓဟူးနေ့ (မတ်လ ၆ ရက်)နေ့ နေ့လယ်ပိုင်းအထိ အဲဒီမှာပဲ ပိတ်မိနေတာပါ။

 

အခုလောလောဆယ် နိုင်ငံပြင်ပမှာ ပိတ်မိနေတဲ့ ဟင်နရီဟာ သူ့ကို ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်စေလိုတဲ့ အရာရှိတွေ တဖြည်းဖြည်းများလာတာ ဒါမှမဟုတ် အခြေအနေတွေက နှုတ်ထွက်ဖို့ ကိစ္စတွေကို တဖြည်းဖြည်းဦးတည်လာတာ စတဲ့ ကျဉ်းထဲကြပ်ထဲ အခြေအနေကို ကြုံတွေ့နေရပါတယ်။

 

အခုလိုမျိုး အာဏာဆက်လက်ကိုင်ထားဖို့ ရုန်းကန်နေရတဲ့ ဝန်ကြီးချုပ်အကြောင်းတချို့နဲ့ သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေအကြောင်း ဖော်ပြလိုက်ရပါတယ်။

 

“အေရီရယ် ဟင်နရီ (Ariel Henry) ဆိုတာဘယ်သူလဲ”

 

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ လေ့ကျင့်သင်ကြားပြီး အလုပ်လုပ်ကိုင်ခဲ့တဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဟာ အခုလက်ရှိမှာ အသက်(၇၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ဟေတီနိုင်ငံရေးလောကထဲကို ၂၀ဝ၀ ခုနှစ် အစောပိုင်းတွေကတည်းက ဝင်ရောက်ဆောင်ရွက်ခဲ့တာပါ။ အဲဒီကာလတွေမှာ သမ္မတဖြစ်နေတဲ့ ဂျင်းဘာထရန့် အေရီစတိ(ထ်) (Jean-Bertrand Aristide)ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

အေရီစတိ(ထ်) ဖြုတ်ချခံလိုက်ရပြီးတဲ့နောက်မှာ ဟင်နရီဟာ အသွင်ကူးပြောင်းရေးကာလ အစိုးရကို ရွေးချယ်ရာမှာ အထောက်အကူပြုဖို့ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ ကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

 

၂၀ဝ၆ ခုနှစ်မှာတော့ သူဟာ ဟေတီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ အဲဒီဌာနမှာပဲ အမှုထမ်းအကြီးအကဲဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဟေတီမှာ ကြုံခဲ့ရတဲ့ ဆိုးရွားလှတဲ့ ငလျင်ကို အစိုးရက တုံ့ပြန်ကိုင်တွယ်ဖြေရှင်းရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ်မှာတော့ ဟင်နရီကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရပြီးတဲ့နောက်မှာပဲ ဟေတီနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်တွင်းမူဝါဒတွေ ချမှတ်ဖို့ကိစ္စတွေကို တာဝန်ယူခဲ့ပါတယ်။

 

လအတော်ကြာတဲ့အခါမှာတော့ လူမှုရေးနဲ့ အလုပ်သမားရေးရာ ဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ Inite Party ကနုတ်ထွက်လိုက်ပြီးတဲ့နောက်မှာတော့ ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုတာမျိုးတွေလည်း ကြုံရပါတယ်။

 

အဲဒီနောက်မှာတော့ သူဟာ ဟေတီဆေးဘက်ဆိုင်ရာတက္ကသိုလ်မှာ ပါမောက္ခအဖြစ်လုပ်ကိုင်ရင်း နိုင်ငံရေးအတိုင်ပင်ခံအဖြစ်ပဲ တာဝန်ယူဆောင်ရွက်နေတဲ့အတွက် ကျော်ဇောထင်ရှားမှု လျော့ပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ သမ္မတ ဂျိုဗန်နယ် မွိုက်ဆီ (Jovenel Moise) လုပ်ကြံသတ်ဖြတ်ခံရပြီး မကြာခင်မှာပဲ သမ္မတက သူ့ကို ရွေးချယ်ထားခဲ့တဲ့အတိုင်း ဝန်ကြီးချုပ်ရာထူးကို လက်ခံရယူပြီးနောက်မှာတော့ သူ့အကြောင်းကတဖန် ပြန်ပြီး ရေပန်းစားလာခဲ့ပါတယ်။

 

“သမ္မတ မွိုက်ဆီရဲ့ပါတီ(Tet Kale)က ဟင်နရီဟာ လူအများယုံကြည်လက်ခံနိုင်မှုနဲ့ ထောက်ခံမယ့် မဲဆန္ဒရှင်တွေကို ရှာဖွေရယူပေးနိုင်လိမ့်မယ်လို့ တွေးဆခဲ့တာဖြစ်နိုင်တယ်” လို့ ဟေတီရှိ တရားမျှတမှုနဲ့ ဒီမိုကရေစီ အဖွဲ့အစည်း (အမေရိကအခြေစိုက် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်း)၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဘရိုင်ယန် ကွန်ကန်နွန်(Brian Concannon)က ပြောပါတယ်။

 

“ကျွန်တော့်အထင် သူက ပုံရိပ်တော်တော်ကြီးမားတဲ့သူ ဖြစ်ပါလိမ့်မယ်။ သမ္မတတွေက လူရွေးချယ်တဲ့အခါမှာ အဆင်ပြေရာ ကျပန်းရွေးချယ်တာမျိုး မလုပ်ဘူးလေ” လို့ သူက ဆက်ပြောပါတယ်။

 

“လူထုတွေက ဟင်နရီနုတ်ထွက်ဖို့ကို ဘာလို့ တောင်းဆိုနေကြတာလဲ”

 

ဟင်နရီဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျောထောက်နောက်ခံပြုပြီး ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ်ကတည်းက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေကို ကြုံခဲ့ရတာဖြစ်ပါတယ်။

 

သူ့ကို ရာထူးကဆင်းပေးဖို့ တောင်းဆိုတဲ့သူတွေထဲမှာ သူနဲ့ နိုင်ငံရေး ပါဝါယှဉ်ပြိုင်နေတဲ့ အစုအဖွဲ့တွေနဲ့ ဟေတီနိုင်ငံသူ နိုင်ငံသားတွေပါဝင်ပါတယ်။ သူတို့တွေဟာ ဟေတီနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ မပြုလုပ်ပေးတဲ့အပေါ် အလွန်အမင်းဒေါသထွက်နေကြသလို ဟင်နရီဟာ ဘယ်သောအခါကမှ ရွေးကောက်ခံကိုယ်စားလှယ် မဟုတ်သလို လူထုကိုလည်း ကိုယ်စားပြုတဲ့သူ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

 

ဟေတီနိုင်ငံရဲ့ ၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီးကတည်းက ဟင်နရီဟာ နိုင်ငံရဲ့ အခြားသော ဝန်ကြီးချုပ်များထက် ပိုမိုရှည်ကြာတဲ့ သက်တမ်းကို တစ်ဆက်တည်း တာဝန်ယူ ဆောင်ရွက်နေခဲ့တဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်တယ်လို့ ကွန်ကန်နွန်က မှတ်ချက်ပြုပြောဆိုပါတယ်။

 

“သူ့ကို ခန့်အပ်တုန်းက ဟေတီနိုင်ငံရဲ့ အသိအမှတ်ပြုခန့်အပ်တဲ့ လုပ်ငန်းစဉ်တွေအရ ခန့်အပ်ခဲ့တာမဟုတ်ပါဘူး၊ အခြေခံအားဖြင့်ကတော့ သူ့ကို Core Group ကသာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်” လို့ ကွန်ကန်နွန်က ဆက်ပြောပါတယ်။

 

Core Group ဆိုတာက ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂျာမနီ၊ ဘရာဇီး၊ စပိန်၊ အမေရိကန်၊ ပြင်သစ်၊ ကနေဒါနဲ့ အီးယူ (EU) နိုင်ငံတွေက သံတမန်တွေ၊ ကုလသမဂ္ဂနဲ့ အမေရိကက အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။

 

သမ္မတ မွိုက်ဆီ လုပ်ကြံသတ်ဖြတ်ခံရပြီး သိပ်မကြာခင်မှာပဲ Core Group ဟာ ဟင်နရီကို နိုင်ငံရဲ့ ခေါင်းဆောင်သစ်အဖြစ်ကြေညာခဲ့ပြီး အဲဒီအချိန်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ ကလော့ ဂျိုးဆက် (Claude Joseph) နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဟင်နရီဟာ အဲဒီအချိန်ကတည်းက စည်းလုံးညီညွှတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ကြိုးပမ်းနေတဲ့အကြောင်း တောက်လျှောက်ပြောဆိုခဲ့ပြီး လုံခြုံစိတ်ချရမှုမရှိသရွေ့ ရွေးကောက်ပွဲလည်း ကျင်းပလို့ရမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာ သူဟာ အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်မယ့် အသွင်ကူးပြောင်းရေးကောင်စီဆိုတဲ့ အဖွဲ့ကို တရားဝင်ခန့်အပ်ခဲ့ပြီး အဲဒီလိုဆောင်ရွက်နိုင်ခဲ့တာဟာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ “သိသာထင်ရှားတဲ့ ခြေလှမ်း” ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ နိုင်ငံတစ်ဝှမ်းမှာ လက်နက်ကိုင် သတ်ဖြတ်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ တနေ့တခြား ပိုပိုပြီး များပြားလာတဲ့ အတွက် ရွေးကောက်ပွဲကျင်းပဖို့ကိစ္စဟာ အကြိမ်ကြိမ် နှောင့်နှေးခဲ့ရပါတယ်။ အစီရင်ခံစာများအရ မနှစ်ကတစ်နှစ်တည်းအတွင်းမှာပဲ သတ်ဖြတ်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာနဲ့ ပြန်ပေးဆွဲခံရတဲ့သူပေါင်း (၈,၄၀ဝ) ကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကိန်းဂဏန်းအချက်အလက်တွေရဲ့ နှစ်ဆကျော်လည်း ဖြစ်ခဲ့ပါတယ်။

 

“ဝန်ကြီးချုပ်ဖြစ်သူက ဘာလို့ နိုင်ငံထဲမှာ ရှိမနေခဲ့တာလဲ”

 

ဟင်နရီဟာ Caricom လို့ လူသိများတဲ့  ဒေသတွင်းကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုက ဦးစီးကျင်းပတဲ့ လေးရက်ကြာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တောင်အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂိုင်ယာနာ (Guyana) နိုင်ငံဆီကို  ဟေတီနိုင်ငံကနေ အရင်လကတည်းက ထွက်ခွာခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ဟေတီနိုင်ငံရဲ့ ပိုမိုဆိုးရွာလာတဲ့ အကျပ်အတည်းကို တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။

 

ဆွေးနွေးခဲ့တဲ့အကြောင်းအရာများကို ဟင်နရီက သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့ ကာရေဘီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကတော့ ဟင်နရီဟာ  ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောကြားအပြီး တစ်ရက်အကြာ (မတ်လ ၁ ရက်နေ့)မှာပဲ ဟေတီနိုင်ငံမြို့တော်နဲ့ တခြားမြို့တွေမှာ ညှိနှိုင်းပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

 

အဆိုပါ အဖြစ်အပျက်တွေ ဖြစ်လာပြီးတဲ့နောက် ဟင်နရီဟာ ဂိုင်ယာနာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး ကင်ညာနိုင်ငံကို ခရီးဆက်ကာ သမ္မတ ဝီလျံ ရူတို (William Ruto) နဲ့ တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ကင်ညာရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်တာဟာ အရှေ့အာဖရိကနိုင်ငံရဲ့ တရားရုံးတစ်ခုကနေ  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ အမိန့်ချထားပြီးသားလည်း ဖြစ်ပါတယ်။

 

ကင်ညာနိုင်ငံက ခရီးစဉ်အပြီး ဟင်နရီတစ်ယောက် ဘယ်အချိန်မှာ ဟေတီကို ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက တစ်လုံးတစ်ပါဒမျှ ပြောကြားခဲ့ခြင်းမရှိသလို ဒီကြားထဲမှာ ဟင်နရီ ဘယ်ရောက်ပြီး ဘာတွေလုပ်နေလဲဆိုတာကိုလည်း ဘယ်သူမှမသိပါဘူး။ မမျှော်လင့်ဘဲ အင်္ဂါနေ့ (မတ်လ ၅) ရက်နေ့မှာ ပွာတိုရီကိုနိုင်ငံကို ဆင်းသက်လာတဲ့အချိန်မှပဲ လူအများ အံ့ဩတကြီး ဖြစ်သွားရတာပါ။

 

သူဟာ အစက ဟေတီနိုင်ငံနဲ့အတူ ဟစ်စ်ပန်နီယိုလာ (Hispaniola)ကျွန်းကို မျှဝေပိုင်ဆိုင်ထားတဲ့ ဒိုမီနီကန် နိုင်ငံတွင်းကို ဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အာဏာပိုင်တွေက ဟေတီနိုင်ငံက လေယာဉ်အဝင်အထွက်တွေကို ပိတ်ပင်ထားခဲ့သလို ဟင်နရီရဲ့ လေယာဉ်က လိုအပ်တဲ့ ပျံသန်းမှု အစီအစဉ်တွေ မရှိဘူးလို့လည်း ဆိုပါတယ်။

 

“အခုလက်ရှိ ဘာတွေဖြစ်နေပြီလဲ”

 

ကာရေဘီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အင်္ဂါနေ့မှာ ဟင်နရီနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီး နုတ်ထွက်ခြင်း အစီအစဉ်အပါအဝင် အခြားရွေးချယ်စရာအစီအစဉ်တွေ တင်ပြခဲ့ပေမဲ့ သူကတော့ ငြင်းဆိုသွားခဲ့တယ်လို့ အမည်အဖော်လိုသူ ဒေသတွင်းဆိုင်ရာ အရာရှိတစ်ဦးဆီက သိခဲ့ရတယ်လို့ ပြောပါတယ်။

 

တစ်ချိန်တည်းမှာပဲ ဂရန်နာဒါနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူကတော့ ဟင်နရီဟာ ဟေတီနိုင်ငံကိုသာပြန်ဖို့ အစီအစဉ်ရှိတယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ လက်ရှိ ဟေတီနိုင်ငံနဲ့ ဟင်နရီ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေပါတယ်။

 

အဲဒီအစည်းအဝေးမတိုင်ခင်မှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ (Matthew Miller) ကတော့ အမေရိကန်နဲ့ တခြားသူတွေကတော့ ဟင်နရီကို အလျော့ပေးဖို့၊ လိုက်လျောမှုပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့က သူ့ကို နုတ်ထွက်ပေးဖို့ တိုက်တွန်းတောင်းဆိုနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို လုပ်ပိုင်ခွင့်နဲ့ အစိုးရအုပ်ချုပ်မှု ယန္တရားထဲ ပါဝင်မှုပုံစံကို ပြောင်းလဲတဲ့ အသွင်ကူးပြောင်းမှု ပုံစံတစ်ခုဆီကို အမြန်ရောက်ဖို့ တွန်းအားပေးနေတာမျိုးပါ” လို့ မီလာက ပြောပါတယ်။