ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၃၀၀ ဦးတွေ့ရှိ ယမန်နေ့က ထက် ၁၀၉ ဦးလျော့နည်း
ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၃၀၀ ဦးထိ တွေ့ရှိခဲ့ပြီး ယမန်နေ့ကထက် ၁၀၉ ဦး ကျဆင်းခဲ့သော်လည်း သေဆုံးသူတစ်ဦး ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၂ ရက်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၄၀၉ ဦး တွေ့ရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၂၃ ရက် မှာတော့ ၃၀၀ ဦးသာတွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်၏ စက်တင်ဘာလ ၆ ရက်အတွင်း ကိုဗစ် ၁၉ အတည်ပြုရောဂါပိုးတွေ့ရှိသူများထဲမှ သေဆုံးသူ ၉ ဦးအထိ ရှိလာခဲ့ပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပြီး ၂၃ ရက်တာကာလအတွင်း ၅၅၂၃ ဦးထိ ရှိလာခဲ့ပြီဖြစ်သည်။
ထို့နောက် ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၂ဦးနှုန်းဖြင့် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ ရှိလာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် အထိ ၆ ဦးရှိလာခဲ့ပြီ စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက် နှင့် ၂၃ ရက် တို့ တွင် သေဆုံးသူ ၁ ဦးစီရှိခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၀၀ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၀,၇၄၄ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ပြည်တွင်း၌ ကူးစက်မှု များပြားလာခဲ့ကာ ရန်ကုန်၌ပင် ကူးစက်မှုအများဆုံးတွေ့ရှိနေရကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်ကာ စက်တင်ဘာ ၂၃ ရက်ထိ ရက်ပေါင်း ၂၃ အတွင်း အတည်ပြုလူနာသစ် ၅၅၂၃ ဦး ရှိလာကာ သေဆုံးသူ ၁၅ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။