ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၆၉ ဦးထိရှိလာပြီး သုံးရက်အတွင်း ကူးစက်သူ ၁၁၃၇ ဦးဖြစ်လာ

Published on Sep 21, 2022

ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၆၉ ဦးထိ တွေ့ရှိလာခဲ့ကာ ၃ရက်အတွင်း ရောဂါပိုးတွေ့ရှိမှု ၁၁၃၇ ဦးရှိလာခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယခုတစ်ပတ်၏ စက်တင်ဘာလ ၃ ရက်အတွင်း ကိုဗစ် ၁၉ အတည်ပြုရောဂါပိုးတွေ့ရှိမှု တိုးပွားလာခဲ့ပြီး စက်တင်ဘာ ၁၉ ရက်က ၂၆၉ ဦး၊ စက်တင်ဘာ ၂၀ ရက်က ၃၉၉ ဦးနှင့် ယနေ့ စက်တင်ဘာ ၂၁ ရက်မှာတော့ ၄၆၉ ဦး ထပ်မံတွေ့ရှိခဲ့ကာ ၃ရက်အတွင်း ၁၁၃၇ ဦး အထိ ဖြစ်လာခဲ့ကြောင်းသိရသည်။

ထို့နောက် ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၂ဦးနှုန်းဖြင့် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ ရှိလာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် အထိ ၆ ဦးရှိလာခဲ့ပြီ ယနေ့ စက်တင်ဘာ ၂၁ ရက်မှာတော့ သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၁ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၄၆၉ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၀,၀၃၅ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၁ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ပြည်တွင်း၌ ကူးစက်မှု များပြားလာခဲ့ကာ ရန်ကုန်၌ပင် ကူးစက်မှုအများဆုံးတွေ့ရှိနေရကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်မှစတင်ကာ စက်တင်ဘာ ၂၁ ရက်ထိ ရက်ပေါင်း ၂၁ အတွင်း အတည်ပြုလူနာသစ် ၄၈၁၄ ဦး ရှိလာကာ သေဆုံးသူ ၁၃ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။