ကိုဗစ်ရောဂါပိုး နေ့စဥ် ရာချီတွေ့နေပါသော်လည်း ပြည်သူများစိုးရိမ်မှု ကင်းမဲ့လာ

Published on Oct 30, 2022

ကိုဗစ် ရောဂါပိုးတွေ့ရှိမှုသည် နေ့စဥ် ရာချီတွေ့ရှိနေကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးဝန်ကြီး၏ နေ့စဥ်ထုတ်ပြန်ချက်များအရ သိရှိရသော် လည်း ပြည်သူများ မှာ စိုးရိမ်ဖွယ်ရာ အရိပ်အခြေမမြင်ရပေ။

“ကိုဗစ်ကလည်း သူ့သာဖြစ်နေတာဘဲ ကျွန်မတို့လဲ ဈေးရောင်းနေရတာလေ သူတို့ စာရင်းက ဟုတ်လားမဟုတ်လားကလဲ မသေချာတော့ ၊ သိပ်မစိုးရိမ်ပါဘူး၊ ကိုဗစ် အသံကြားရတာ ရိုးနေပြီ အခု က ဈေးတက်ပြီဆိုတဲ့ အသံက ပိုရင်ခုန်နေရတာလေ” ဟု ဈေးသည်တစ်ဦးက ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက်တွင် ကိုဗစ်အတည်ပြု လူနာသစ် ၁၆၇ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၏ကိုဗစ်အတည် ပြုလူနာသစ် ၁၃၂ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကာ ယနေ့တွင် လူနာသစ် ၃၅ ဦး တိုး၍တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၌ ယနေ့ အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၃၁,၅၃၄ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၈၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာ သြဂုတ်လ တစ်လတာအတွင်းအတည်ပြု လူနာသစ် ၁၃၀၃ ဦးတွေ့ရှိခဲ့ပြီး၊ စက်တင်ဘာလ တစ်လတာအတွင်း အတည်ပြုလူနာသစ် ၇၉၄၅ ဦး ထိ တိုးမြှင့်တွေ့ရှိလာခဲ့သည်ကို တွေ့ရသည်။