ကိုဗစ်ပြည်တွင်းကူးစက်မှုများလာချိန် ဆေးဝါးများ လက်ရှိမြင့်နေသည့်ဈေး၌ပင် ထပ်မံမြင့်တက်လာ

Published on Sep 06, 2022

မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုများပြားလာခဲ့ပြီး တစ်ပတ်ကျော်အတွင်း လူဦးရေ ၇၀၀ ကျော်ထိ ရှိလာချိန် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုသည်လည်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

မျိုးဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါပိုးသည် သြဂုတ် လ အတွင်းမှစတင်ကာ ဖြစ်ပွားမှုနှုန်းသိသိသာသာတိုးလာခဲ့ပြီး သြဂုတ် ၂၈ ရက်နောက်ပိုင်းတွင် ပိုမိုသိသာလာခဲ့ကာ ထိုနေ့မှစ၍ စက်တင်ဘာ ၅ ရက် အထိ ပြည်တွင်းကူးစက်မှု ၇၂၉ ဦးရှိခဲ့ကြောင်း သိရသည်။

“ဒီကိုဗစ်က လက္ခဏာပြတာ သိပ်မတွေ့ရဘူး တစ်ချိုမှာကြတော့လည်း ဖျားတယ်။စစ်တော့ ကိုဗစ်မတွေ့ဘူး ဒါပေမယ့် ကိုဗစ်လက္ခဏာတွေ အကုန်အဲ့လူမှာခံစားနေရတယ်၊ နောက်ပြီး သူ့ကိုလေ့လာကြည့်သလောက် အရင် ကိုဗစ်တွေထက်ကူးစက်မြန်တယ် လူသေတဲ့ နှုန်းအထိ ပြင်းအားရှိမရှိ မသိသေးဘူး၊ တုတ်ကွေးအပြင်းစားလိုတော့ခံစားရတာပေါ့”ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကပြောသည်။

ကိုဗစ်ရောဂါပိုးသည် ကူးစပ်မှုနှုန်းမြန်ပြီး သေဆုံးနိုင်သည်အထိ ပြင်းအားရှိမရှိမသိနိုင်သေးသော်လည်း ရောဂါအခံ ရှိသူများကို ကူးစက်ပါက အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ကိုဗစ် ကူးစက်မှု ပြန်လည်များပြားလာသည့် အလျှောက် ဆေးဝါးဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ချောင်းဆိုးပျောက်ဆေးများသည် အမျိုးအစားအလိုက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဆေးဝါးအများစုမှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

“ဈေးတွေက တက်သထက် ပိုတက်နေတယ်၊ အခု အတက်ဈေးမှာတင် ၅၀ရာခိုင်နှုန်းလောက်ထက် တက်လာတာ၊ ကျွန်တော်တို့လည်း ဈေးရောင်းရတာအဆင်မပြေတော့ဘူး ဝယ်တုန်းကဈေးနဲ့ ရောင်းလို့ကုန်သွားတော့ ထပ်ဝယ်ရတဲ့ ဈေးတင် အဆမတန် ကွာလာတာ၊ တစ်ချိုဆေးတွေဆိုရင် ဝယ်လိုတောင်မရတော့ဘူး တစ်ချိုကုမ္ပဏီတွေက မသွင်းကျတော့လို့ ” ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယခုလိုဆေးဝါးပြတ်လပ်မှုနှင့် ဆေးဝါးဈေးနှုန်းများမြင့်တက်နေချိန် ကိုဗစ်လှိုင်းတစ်ခု ဖြစ်ပေါ်လာမည်ကို ပြည်သူများသာမက ဆေးဆိုင်များသည်ပင် စိုးရိမ်နေကြကြောင်း ပြောဆိုလာကြသည်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့ပွားမှုများပြားလာခဲ့ပြီး ၈ ရက်အတွင်း ပြည်တွင်းကူးစက်သူ ၅၈၉ ဦးရှိခဲ့ပြီး၊ ပြည်ပမှပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားကူးစက်ခံရသူ ၅၉ ဦးရှိခဲ့ကာ ရန်ကုန်၌ကူးစက်ခံရသူ ၄၃၈ ဦး ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခဲ့သည့်မှာ စက်တင်ဘာ ၅ ရက်၏ ထုတ်ပြန်ချက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၆၁၅,၆၅၄ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၉,၄၄၁ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။