ကိုင်းလယ် ရဲစခန်းကို နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိ၊ ရဲ ၈ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး

Author လင်းခိုင်
Categories
Published on Nov 27, 2022

 

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ကိုင်းလယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ပြီး၊ ရဲ ၈ ဦးသေဆုံးကာ၊ PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

နို၀င်ဘာ၊ ၂၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်မှ ညနေ ၇နာရီ ၅၀ မိနစ်တွင် ပေါက်မြို့နယ်တောင်ပိုင်း၊ ကိုင်းလယ်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နို၀င်ဘာ ၂၆ ရက် နံနက် ၆နာရီ ၁၅ မိနစ်အချိန်မှ ၇နာရီ မိနစ် ၃၀ အထိ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြီးနောက် ကိုင်းလယ်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“နှစ်ရက် တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့တာ၊ ကိုင်းလယ်ရဲစခန်းကိုတော့ တိုက်ခိုက်ခဲ့တာအကြိမ်ကြိမ်ပါ၊ ဒီတစ်ခါတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ သူတို့စခန်းကိုစွန့်သွားတဲ့အခြေအနေထိ ဖြစ်သွားတယ်။ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်”ဟု People’s Defence Force-Yenangyaung မှ တာ၀န်ခံက CJ Platform သို့ပြောကြားသည်။

ယင်းကဲ့သို့ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲစခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေချိန်တွင် စစ်ကောင်စီဘက်မှ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် နာရီ၀က်ခန့်လေကြောင်းပစ်ကူပေးခဲ့ကြောင်း၊ စခန်းသိမ်းတိ်ုက်ပွဲတွင် ရဲ ၈ ဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည် People’s Defence Force-Yenangyaung က ယနေ့တွင် ထုတ်ပြန်ထားသည်။

ယခုစစ်ဆင်ရေးအား People’s Defence Force-Yenangyaung၊ ပခုက္ကူခရိုင်တပ်ရင်း(၁၂)၊ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၇)၊ ပေါက်တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- People’s Defence Force-Yenangyaung
မှတ်တမ်းရုပ်သံအား CJ Platform ၏ Telegram တွင် ကြည့်ရှု့နိုင်ပါသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေးတိုင်း #ပေါက်မြို့နယ် #ကိုင်းလယ်ရဲစခန်း #PDF