ကိုဂျိမ်း လိုက်ပါပို့ဆောင် ဂါရဝပြုခွင့်မရခဲ့သည့် မိခင်ဖြစ်သူ၏ စျာပနအား စစ်ကောင်စီမှ သုသာန်တွင် အရပ်၀တ်နှင့် စောင့်ကြည်သူများ ချထားခဲ့

Author လင်းခိုင်
Categories
Published on Oct 21, 2022

စစ်ကောင်စီသည် ကိုဂျိမ်းအား မိခင်စျာပနကို ဂါရဝပြုခွင့်မပြုသော်လည်း သုသာန်တွင် အရပ်၀တ်နှင့် စောင့်ကြည့်သူများကို ချထားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုဂျိမ်း မိခင်စျာပနာအား ယနေ့ (အောက်တိုဘာ ၂၁ ရက်) နေ့လည် ၁နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုသုသာန်၌ပြုလုပ်ခဲ့ပြီး၊ သုသာန်အပြင်တွင် စစ်ကားနှင့် ရဲကားများ လှည့်ပတ်နေပြီး သုသာန်အတွင်းတွင်လည်း အရပ်၀တ်နှင့် စောင့်ကြည်သူအချို့ကို ထားရှိခဲ့ခြင်းဖြစ်သည်။

ကိုဂျိမ်း မိခင် ဒေါ်ကြီးမြင့်သည့် အောက်တိုဘာ ၁၉ ရက်က သားဖြစ်သူအား ထောင်စဉ်စာပေးပို့ရန် အင်းစိန်ထောင်သို့ ရောက်ရှိစဉ် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အသက် ၅၅ နှစ်အရွယ်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

“ဂျိမ်းက မိခင်နာရေး သွားရောက်ခွင့်တောင်းတော့ စစ်တပ်က လုံခြုံရေးအခြေအနေအရခွင့်မပြုနိုင်ဘူးဆိုပြီး ပြောခဲ့တယ်။ ဒီနေ့ စျာပနချတော့ သုသာန်ပတ်လည်ကို လုံခြုံ ရေးတွေနဲ့စောင့်ကြည့်ပြီး အတွင်းထဲမှာကျတော့ အရပ်၀တ်တွေနဲ့စောင့်ကြည့်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့သူတွေ”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဉ်တွင် အကျဉ်းထောင်၀န်ထမ်းသုံးဦး၊ နိုင်ငံရေးအကျဉ်းသား မိသားစု၀င်များအပါအ၀င် အရပ်သားပြည်သူ သေဆုံးသူ ငါးဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၈ ဦးအထိရှိခဲ့သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုဂျိမ်း (ခ) ကိုလင်းထက်နိုင်သည် ယခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရကာ ၅၀၅(က)၊ ၅၀(ည)တို့ဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရခြင် းဖြစ်သည်။
ဓာတ်ပုံ- CJ Platform