ကိုဂျင်မီ၏ Viber နှင့် Signal များကို စစ်ကောင်စီက အသုံးပြုနေ

Author လင်းခိုင်
Categories
Published on Jan 20, 2023

 

စစ်ကောင်စီက မတရားဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ကိုဂျင်မီ၏ Viber နှင့် Signal များကို စစ်ကောင်စီက အသုံးနေကြောင်း ကိုဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် တော်လှန်ရေးရဲဘော်မျာအား သတိပေး ပြောကြားထားသည်။

“ ကိုဂျင်မီရဲ့ Viber နဲ့ Signal active ဖြစ်နေတယ်လို့ မိတ်ဆွေတွေက လာလာပြောကြတယ်။ စခတွေဖုန်းကို ဘာလုပ်နေကြလဲ မသိတာမို့ ရဲဘော်တွေကို အသိပေးတာပါ၊ ဖုန်းကစခတွေ လက်ထဲမှာပါ” ဟု မနီလာသိန်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ သေဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီးနိုင်ငံတကာမှ သေဒဏ်ပေးခြင်းမပြုရန် စစ်ကောင်စီကို ဖိအားပေး ပြောကြားမှုများရှိခဲ့သော်လည်း၊ စစ်ကောင်စီမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၄ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ထောင်တွင်းလူသတ်မှုကို ကျူးလွန်ခဲ့သည်။
စစ်ကောင်စီသည် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ဖုန်းနံပါတ်များအား အသုံးပြုကာ တော်လှန်ရေးအင်အားစုများအား ဆက်သွယ် ထောက်လှမ်းလျှက်ရှိနေကြောင်း ရန်ကုန်မြို့ အခြေစိုက် သတင်းထောက်တစ်ဦးကလည်း ဆိုသည်။
“သတိထားမိတာ ကြာပါပြီ၊ ဖမ်းဆီးခံထားရတဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖုန်းနံပါတ်တွေနဲ့ Telegram အကောင့်တွေ တက်တက်လာတာ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ Online အသုံးပြုမှုကို ပြည်တွင်း SIMနံပါတ်တွေအစား နိုင်ငံခြားရောက် မိတ်ဆွေတွေကို အကူညီတောင်းပြီး ပြည်ပဖုန်းတွေနဲ့ အသုံးပြုသင့်တယ်”ဟု ပြောသည်။

စစ်ကောင်စီသည် ယင်းတို့အား တော်လှန်နေသည့်၊ တော်လှန်ရေးသမားများကို ဖမ်းဆီးရမိပါက ဖမ်းဆီးခံရသူများ၏ ဖုန်းမှ တဆင့် ခြေရာခံလိုက်ခြင်း၊ ဖုန်းများကို အသုံးပြုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကိုဂျင်မီ #ဖုန်းနံပါတ်