ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းစိတ်ဓာတ်ခံယူကာ တိုက်ပွဲဝင်ကြ
ဖိုးဇင်
ယနေ့သည် (၅၁)နှစ် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့ဖြစ်သည်။ မြန်မာပြည် စစ်အာဏာရှင်တို့၏ အဘေး ဗိုလ်နေဝင်း၏ နိုင်ငံရေးသမားများ ပြည်မတွင်မရှိစေရဟူသည့် အစီအမံဖြင့် ကိုကိုးကျွန်းသို့ ပို့ဆောင်ကာ ဖိနှိပ်ခဲ့သည်ကို ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများမှ တွန်းလှန်အောင်မြင်ခဲ့သည့်နေ့ဖြစ်သည်။ဤနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆောင်းပါးရှင် ဆရာဖိုးဇင်၏ ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းဂုဏ်ပြုဆောင်းပါးအား CJ Platformမှ တင်ဆက်သည်။
“ဗိုလ်နေဝင်းအရှုံးပေးခဲ့ရသည့် ကိုကိုးကျွန်းသူရဲကောင်းများ”
၃၁ . ၇ . ၂၂ ရက်နေ့သည် ၅၁ နှစ်တင်းတင်းပြည့်ပြီဖြစ်သော ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့ ဖြစ်သည်။ လူ့သမိုင်းတလျောက်တွင် မော်ကွန်းတင်လောက်သော ကိုကိုးကျွန်း အကျဉ်းထောင်တိုက်ပွဲ၌ အောင်ပွဲကို အရယူပေးခဲ့သော ကိုကိုးကျွန်းအစာဖြတ်တိုက်ပွဲ၏ အောင်ပွဲရလာဒ်သည် ထိုစဉ်က အကြပ်အတည်းတွေ့နေသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ အလင်းရောင်ဖြစ်ခဲ့သည်ဟု ဆိုကြသည် ။
ထို့ကြောင့်ပင် ပါတီက ကိုကိုးကျွန်းအစာဖြတ်တိုက်ပွဲကို ဦးဆောင်မှုပေးခဲ့သော ကျွန်းပါတီအား အသိအမှတ်ပြုပေးခဲ့ပြီး နောက်ဆုံးတိုက်ပွဲဖြစ်သည့် ၅၃ ရက်ကြာ အစာဖြတ်တိုက်ပွဲတွင် အသက်ပေးခဲ့ကြသော သူရဲကောင်း ၈ ယောက်တို့ကို ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲအောင်မြင်မှုရရှိခဲ့သည့် ၃၁ ရက်နေ့ ဇူလိုင်လအား ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့အဖြစ် တရားဝင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်မြို့မှ အနောက်တောင်ဘက် ရေမိုင် ၂၆၀ တွင်ရှိသည့် ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်ကြားမှ သာယာလှပ လှသော ကိုကိုးကျွန်းလေးပေါ်တွင် စစ်အာဏာရှင်ဗိုလ်နေဝင်း၏ ဖိနှိပ်ရေးယန္တယားတရပ်ဖြစ်သည့် အကျဉ်းထောင်တခုမှ အဖိနှိပ်ခံတို့၏ ရုန်းကြွတွန်းလှန်မှုကား အဘယ်နည်း ။
ကိုကိုကျွန်းအကျဉ်းထောင်ကို ဗိုလ်နေဝင်းက ၅၈ ခုနှစ် အာဏာသိမ်းတော့တစ်ခါ နဲ့ ၆၂ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခါ တည်ထောင်ခဲ့ပြီး သူ၏အာဏာကိုဆန့်ကျင်သည့် အင်အားစုများကို အဆုံးတိုင်ဖိနှိပ်ရန် ရည်ရွယ်ခဲ့သည်။ ပထမ ကိုကိုးကျွန်းအကျဉ်းထောင်ဟာ ဗိုလ်နေဝင်းပထမအကြိမ်အာဏာသိမ်းခြင်း နတ္ထိတန်သွားချိန်တွင် စခန်းသိမ်းခဲ့ပြီး ဒုတိယ ကိုကိုးကျွန်းအကျဉ်းထောင် စီမံကိန်းကိုတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရပ်နေ့အာဏာသိမ်းချိန်ကစပြီး စီစဉ်ခဲ့ပုံရသည်။
စစ်အာဏာရှင်ဗိုလ်နေဝင်းက ဒုတိယ ကိုကိုးကျွန်းအကျဉ်းထောင်ကို ၁၉၆၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် ပြည်တော်ညွှန့်သင်္ဘောကြီးနှင် နိုင်ငံရေးအကျဉ်းသား ၂၃၃ ဦးကို ပို့ဆောင်ပြီး စတင်ခဲ့သည်။
ဗိုလ်နေဝင်း၏ ဖိနှိပ်ရေးယန္တယားတခုဖြစ်သော ဒုတိယ ကိုကိုးကျွန်းအကျဉ်းစခန်း၏ အမည်သညှာသည်ကား “ကိုကိုးကျွန်းဖွံ့ဖြိုးရေးစခန်း ” ဟု တွင်ခေါ်လေတော့သည် တကား ။
” ဒီမှာ ပင်လယ်ပြာ
ဒီမှာ ငွေလွှာသဲသောင်
ဒီမှာ ကျောက်ဆောင်မဟူရာ
ဒီမှာ ဗိစပ်တော ဆပ်သွားတော ရှည်မျောသောင်ကမ်း
အုန်းတန်းယှက်မိုး
ကျွန်းကိုကိုး ” ဟု ကျဆုံးသူရဲကောင်း ရဲဘော်လေးမောင်၏ ဂုဏ်ပြုသီချင်းစာသားလို အင်မတန်လှပတဲ့ ကိုကိုးကျွန်းပေါ်တွင် ဗိုလ်နေဝင်းဆိုသည့် အာဏာရှင်က ၎င်း၏ ဆန့်ကျင်ဘက်နိုင်ငံရေးသမားများကို ရာသက်ပန်အကျဉ်းချလိုသောရည်ရွယ်ချက်ဖြင့် နာမ်နှိမ်ဖိနှိပ်၍ ကိုထူကိုယ်ထဆိုသည့် စနစ်ဖြင့် ရုပ်ဆိုးအကျည်းတန်သော ဖိနှိပ်မှုပေါင်းစုံကို ကျင့်သုံးထားလေသည်။
ထို့ကြောင့်လဲ ဒီခေတ်မျိုးဆက်သစ်တို့၏ ကြွေးကြော်သံကဲ့သို့ပင် ” ဖိရင် ကြွမယ် ထိရင် ချမယ် ” ဆိုသည့်အတိုင်း ဒုတိယအကြိမ် ကိုကိုးကျွန်းအကျဉ်းစခန်း၌ ဖိနှိပ်ခံတို့၏ ရုန်းကြွတော်လှန်သော တိုက်ပွဲများနှင့် ပြည့်သျှမ်းနေခဲ့ပေသည်။
အကျဉ်းအားဖြင့်ဆိုသော် အကျဉ်း ထောင်အာဏာပိုင်များက မစားသင့်တော့သော ငပိအပုပ်များကျွေး၍ ယုတ်မာသည့်အတွက် အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြသော ငပိပုပ်တိုက်ပွဲ ၊ ကိုယ်ထူကိုယ်ထစနစ်ကြောင့် ပင်ပန်းဆင်းရဲမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ၊ နာမကျန်းဖြစ်သူများကို ပြည်မသို့ ပြန်ခေါ်ဆေးကုသပေးရန် ၊တရားဝင်ထုတ်ဝေသော သတင်းစာ မဂ္ဂဇင်းစာအုပ်များဖတ်ရှု့ခွင့်ပေးရန် ၊မိသားစုနှင့် စာအဆက်အသွယ်ပြုလုပ်ခွင့်ပြရန် ရက်ပေါင်း ၄၀ တိတိ အစာငတ်ခံဆန္ဒပြခဲ့သော အခွင့်အရေးတိုက်ပွဲ နှင့် နောက်ဆုံးတွင် မျက်မှောက်ကာလဖြစ်သော ၃၁.၇.၂၀၂၂ ရက်နေ့၌ ၅၁ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့အဖြစ် နှစ်ပတ်လည်ဖြစ်လာမည့် ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာဖြတ်တိုက်ပွဲကြီးများဖြစ်ကြပါသည်။
အခြားသီးခြားတိုက်ပွဲများလည်း ရှိသည်။ကိုကိုးကျွန်းသို့ အပို့ခံရသော နိုင်ငံရေး အကျဉ်းသားများမှာ အလွှာစုံလှသည်ဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သက်သူများ၊အလံနီကွန်မြူနစ်ပါတီနှင့် ပတ်သက်သူများ ၊မလညပ နှင့်အခြား တသီးပုဂ္ဂလများလည်း ပါဝင်ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သက်သူများမှာ ကျွန်းသို့ရောက်ပြီးသည်နှင့် ကျောင်းသား၊ အလုပ်သမား ၊ လယ်သမား ၊ အမှုထမ်း၊တပ်မတော် စသဖြင့် အလွှာအသီးသီးမှ ရဲဘော်များအား စနစ်တကျစုစည်းနိုင်ရန် ကျွန်းပါတီဗဟိုကော်မတီ လိုအပ်သည်ဟု ယူဆသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် လေထီးဦးအုန်းမောင်နှင့် အရံဗဟိုကော်မတီဝင် ဆရာရာဂျန်တို့ပါဝင်သော ဦးဆောင်ကလာပ်စည်းကို ဖွဲ့စည်းထားခဲ့သည်။
ထို့နောက် လူတန်းစားအသီးသီး၏ ကိုယ်စားလှယ်များပါဝင်သော ကျွန်းပါတီကော်မတီကို ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းခဲ့ကြသည်။အခြားသော အဖွဲ့အစည်းများလည်း ထိုသို့ရှိမည်ထင်ပါသည်။
စစ်အာဏာရှင်၏ အကျဉ်းထောင်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ အရက်စက်ဆုံး၊ဗြောင်အကျဆုံး ဖိနှိပ်မှု ၊ဗြောင်အကျဆုံး သွေးစုတ်မှုနှင့် ညင်းပန်းနှိတ်စက်ရန် စနစ်တကျပြင်ဆင်ထားပြီး လူ့အဖွဲ့အစည်းနှင့် တသီးတခြားဖြစ်အောင် အဆက်ဖြတ်ထားသောနေရာဖြစ်သည်။
ထို့အပြင် စစ်အာဏာရှင်၏ အကျဉ်းထောင်သည် စစ်မြေပြင်ပြီးလျှင် ဒုတိယအကြမ်းတမ်းဆုံး အခက်ထန်ဆုံး အရက်စက်ဆုံး စစ်မျက်နှာဟု ပြောလို့ရသည်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ၎င်းတို့၏ ခံယူချက် ယုံကြည်ချက် အတိုင်း အကျဉ်းထောင်အတွင်းတွင် ရှင်သန်ရပ်တည်ကာ ကြံကြံခံနိုင်ရန် လိုအပ်ပါက ထောင်တွင်းတိုက်ပွဲများအတွက် မှန်ကန်သောနည်းနာ နိုင်ငံရေးလမ်းစဉ်တရပ် သေချာပေါက် လိုအပ်လာသည် ။
ကျွန်းပါတီကော်မတီမှလည်း နိုင်ငံရေးလမ်းညွှန်ချက်ကို ဆုံးဖြတ်ချမှတ်ပေးထားသည် ။နိုင်ငံရေးလမ်းစဉ်နှင့် လမ်းညွှန်ချက်များမှာ ….
၁ ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ရန်သူ့ထံလက်နက်ချ အညံ့မခံရ ။
၂ ။ မိမိနိုင်ငံရေး ယုံကြည်ချက်ကို မပျောက်အောင် ထိန်းသိမ်းတည်ဆောက်ကြဖို့၊ သက်ဆိုင်ရာတာဝန်ခံမှုနဲ့ တစ်ဦးချင်ဖြစ်စေ အစုအဖွဲ့ပုံစံနဲ့ဖြစ်စေ စုစည်းနေထိုင်ဖို့။
၃ ။ အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးယုံကြည်မှုရှင်သန်အောင် လုပ်လို့ရသမျှ လှုပ်ရှားမှုတွေဆောင်ရွတ်ဖို့ ။
၄ ။ မိမိကြောင့် ကိုယ့်ရဲ့အစုအဖွဲ့အတွင်းမှာ ညီညွှတ်ရေးကို မပြိုကွဲအောင် ဂရုတစိုက် နေထိုင်ပြုမူဖို့။
၅ ။ ရန်သူရဲ့ တာဝန်ပေးထားတဲ့ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ မပူးပေါင်းမဆောင်ရွတ်ဖို့ ။
၆ ။ ထောင်တွင်းရှိ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ တပ်ပေါင်းစုမှုအပေါ်မှာ ညီညွှတ်ရေးတည်ဆောက်ထားနိုင်ဖို့ ။
၇ ။ အကျဉ်းထောင်ပြင်ပရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို မျက်ခြည်မပြတ်ဘဲ ရှိနေဖို့ ။
၈ ။ နေ့စဉ်နေရေး စားရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့အလိုက် စုစည်းစားသောက်နေထိုင်ဖို့ ။
၉ ။ အခြားအကျဉ်းသားတွေကို တန်းတူသဘောထားဆက်ဆံဖို့နဲ့တချိန်တည်းမှာ သတိထားပြီး ဆက်ဆံဖို့ ။
၁၀ ။ အကျဉ်းထောင်ဝန်ထမ်းတွေကို ခွဲခြားနားလည်ပြီးဆက်ဆံဖို့တို့ကို ယေဘူယျ နားလည်လက်ခံ ကျင့်သုံးကြဖို့ ဦးဆောင်မှုပေးထားခဲ့သည်။
ဒါကြောင့်လည်း ၇ ရက်ကြာ အစာအငတ်ခံ ငပိပုပ်တိုက်ပွဲ နှင့် ရက်ပေါင်း ၄၀ တိတိကြာခဲ့သော အစာအငတ်ခံ အခွင့်အရေးတိုက်ပွဲတို့တွင် အခြားသောနိုင်ငံရေးအင်အားစုများနှင့် တပ်ပေါင်းစုပုံစံဖြင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်သည်။
သီးခြားတိုက်ပွဲအဖြစ် အလံနီကွန်မြူနစ်ပါတီမှ ဒုတိယခေါင်းဆောင် ရဲနီအောင်မြင့်နှင့်ရဲနီနှစ်ဦးပေါင်း သုံးဦးသည် အစာအစားမလောက်ငှမှုကြောင့် တောတိုး၍ အစာရှာဖွေစဉ် ကျွန်းတဝက်တွင်ရှိသည့် စစ်တပ်က ဖမ်းဆီးထားလိုက်သောကြောင့် အလံနီပါတီက သီးခြားတိုက်ပွဲဖေါ်ဆောင်သော တိုက်ပွဲဖြစ်ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှ ယခင်တိုက်ပွဲများလို စုပေါင်းခေါင်းဆောင်မှုဖြင့် ပူးတွဲတိုက်ပွဲဝင်လိုကြောင်း ကမ်းလှမ်းတောင်းဆိုသော်လည်း အလံနီပါတီက လက်မခံခဲ့ပါ ။ထို ရဲနီတို့၏ အစာငတ်ခံတိုက်ပွဲမှာ ၄၆ရက် ကြာမြင့်ခဲ့ပြီး ရဲနီဘိုကြူကျဆုံးပြီးနောက် ထောင်အာဏာပိုင်တို့နှင့် စေ့စပ်၍ တောင်းဆိုချက်နှစ်ချက်ဖြစ်သည့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်ဆိုသည်ကို ရရှိခဲ့သော်လည်း ရိက္ခာစကေးတိုးမြှင့်ပေးရန်ဆိုသည်ကား မရရှိခဲ့ပဲ နဂိုအတိုင်းသာ ရရှိခဲ့သည် ။ ထို့ကြောင့် အောင်မြင်မှုမရခဲ့ဟု ထိုတိုက်ပွဲအပေါ် သုံးသပ်ခဲ့ကြသည် ။
သို့သော် ထိုတိုက်ပွဲမှနေ၍ တပ်ပေါင်းစုအင်အားသည် ဘယ်လောက်အရေးကြီးသည်ကို သင်ခန်းစာရရှိခဲ့ကြနိုင်၍ အကျိုးရှိသည်ဟု ကျွန်ုပ်တကိုယ်စာ ယုံကြည်ပါသည်။
ထို တိုက်ပွဲမှ စေ့စပ်မှု ရလာဒ်အနေဖြင့် ထောင်အာဏာပိုင်တို့၏ ပိုမိုတင်းကြပ် ဖိနှိပ်လာသဖြင့် ကျွန်းပါတီ ဗဟိုကော်မတီအနေဖြင့် ကြီးမားသော အဆုံးအဖြတ်တိုက်ပွဲဆီသို့ ဦးတည်နေသည်ဟု သုံးသပ်၍ ကျွန်းသို့ရောက်ကတည်းက တချိန်ကျရင်တော့ ကိုယ်ထူကိုယ်ထစနစ်ကို ရတဲ့နည်းနဲ့ တိုက်ဖျက်ကြဖို့ ပိုင်းဖြတ်ထားတဲ့ အတိုင်း တိုက်ပွဲအတွက်ပြင်ဆင်လာခဲ့ကြသည်။
အဓိက ကတော့ အဖွဲ့အစည်းအသီးသီးက နိုင်ငံရေးသမားအကျဉ်းသားများ၏ သဘောထားများကို တောင်းခံကာ ညှိနှိုင်းပြီး အယူအဆမတူညီမှုများရှိသော်လည်း အလံနီပါတီကလည်း CPB ကတိုက်ရင် ထောက်ခံမယ် သင့်တော်တဲ့အချိန်မှာ ကူညီ တိုက်ပွဲဝင်မယ် ၊မလညပကလည်း ထောက်ခံမယ် အကူအညီပေးမယ် စသဖြင့် ကျွန်းပါတီကော်မတီရဲ့ ဦးဆောင်မှုကို လက်ခံခဲ့ကြပါတယ် ။
ကျွန်းပါတီကော်မတီ၏ ခေါင်းဆောင်မှုပိုင်းမှာတော့ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်၊ သခင်ခင်အောင်၊ ဆရာဦးခင်မောင်မြင့်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ရဲဘော်စိန်ဝင်း(ရန်ကြီးအောင်)၊ ရဲဘော်ဖေအောင်နှင့် ရဲဘော်ဉာဏ်ဝင်းတို့လို ခေါင်းဆောင်ကောင်းများက ဦးဆောင် ပါဝင်ကြသည်။
၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်နေ့
” ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းကို ရွှင်လန်းအားတက်ကြပါစေ ” ဆိုသည့် နဖူးစည်းစာတန်းအောက်က ထွက်ပေါ်လာသည့် ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး၊ ပြည်မအခွင့်အရေး ချက်ချင်းပေး ၊ ဖိနှိပ်ချုပ်ချယ်မှု အလိုမရှိ ကြွေးကြော်သံ များသည် ကိုကိုးကျွန်းအကျဉ်းစခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သွေးသမိုင်းမော်ကွန်းထိုးမည့် ၅၃ ရက်ကြာ အစာဖြတ်တိုက်ပွဲကြီး၏ အဖွင့်အဖြစ် ပထမအသုတ် ၁၀ ဦးစတင်တိုက်ပွဲဝင်ခဲ့ပါပြီ ….
တောင်းဆိုတိုက်ပွဲဝင်သူ ကိုကိုးကျွန်းသူရဲကောင်းတို့၏ ခိုင်မာသောယုံကြည်ချက် ၊ အဆုံးအဖြတ်တိုက်ပွဲတွင် အဆုံးထိပေးဆပ်စွန့်လွှတ်ဝံ့သော ပိုင်းဖြတ်မှု ၊ မတူကွဲပြားသော အယူအဆတို့ ရှိသည့်တိုင် ညီညွှတ်မှုကိုရယူက တိုက်ပွဲကို ဦးဆောင်နိုင်ခဲ့သော ကိုကိုးကျွန်းပါတီကော်မတီ၏ဦးဆောင်မှု တို့သည် နှောင်းလူတို့အတွက် အဖိနှိပ်ခံတို့အတွက် နမူနာယူစရာ အတုယူစရာ စံပြုထိုက်ပေသည် မဟုတ်ပါလော ။
ပထမအသုတ် တိုက်ပွဲဝင်သူရဲကောင်းများကတော့ ရဲဘော်စိန်ဝင်း ၊ရဲဘော်သိန်းကြည်၊ ရဲဘော်အုန်းမော်၊ ရဲဘော်မောင်မောင်စိုး ၊ရဲဘော်ဗဖူးညွှန့်၊ ရဲဘော်အောင်ဝင်း၊ ရဲဘော်သန်းမောင်၊ ရဲဘော်ညွှန့်စိန် နှင့်ရဲဘော်တင်ဝင်းတို့ ဖြစ်ကြပါသည်။
ပထမအသုတ် အစာငတ်ခံတိုက်ပွဲခဲ့ခြင်း ၈ ရက်မြောက် ၁၆ ရက် ဇွန်လ ၁၉၇၁ခုနှစ် နံနက်ခင်းတွင် ဒုတိယအသုတ် ကိုကိုးကျွန်းသူရဲကောင်း ၁၀ ဦး ပါဝင်တိုက်ပွဲဝင်ကြပါသည် ။ ဒုတိယအသုတ် ကိုကိုးကျွန်းသူရဲကောင်းများ
ကတော့ ရဲဘော်ခင်မောင်မြင့်၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်ထွန်းဝင်း၊ ရဲဘော်သိန်းအောင် ၊ရဲဘော်မြင့်သန်း၊ ရဲဘော်လှရွှေ၊ ရဲဘော်ချစ်ဆွေ ၊ရဲဘော်ချိုကြီး၊ ရဲဘော်စိန်ချင်းနှင့် ရဲဘော်ဌေးမောင် တို့ဖြစ်ကြသည်။
၁၉၇၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ပထမအသုတ် တိုက်ပွဲဝင်ပြီး ၁၆ ရက် ဒုတိယအသုတ် တိုက်ပွဲဝင်ပြီး ၈ ရက်မြောက်နေ့မှာ ရဲဘော်တင်ညွှန့်၊ ရဲဘော်မြအေး၊ ရဲဘော်တင်စိန် ၊ရဲဘော်ထွန်းဝင်း၊ ရဲဘော်ရန်အောင် ၊ရဲဘော်လေးမောင် ၊ရဲဘော်တင်မောင်လေး၊ ရဲဘော်တင်မောင်ဝင်း၊ ရဲဘော်စောယုစိန် နှင့် ရဲဘော်သိန်းလှတို့မှ တတိယအသုတ်အဖြစ် တိုက်ပွဲအတွင်းသို့ ဝင်ခဲ့ကြသည်။
ကျွန်းပါတီကော်မတီဦးဆောင်မှုနှင့် အဆုံးအဖြတ်တိုက်ပွဲဝင်နေသော အစာဖြတ်တိုက်ပွဲတွင် အရေးအကြီးဆုံးဖြစ်သော အကျဉ်းသားထု၏ တခဲနက်ထောက်ခံမှုကို ရရှိခဲ့ကြပြီး မဟာမိတ်အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်လာကြသည်။
အလံနီကွန်မြူနစ်ပါတီမှ ရဲနီအောင်စိုးက တိုက်ပွဲဝင်ရက် ၂၂ ရက်မြောက် ၁၉၇၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ မလညပမှ ဗဟိုကော်မတီ ရဲဘော်ကျော်သူက တိုက်ပွဲဝင်ရက် ၂၃ ရက်မြောက် ၁၉၇၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် လည်းကောင်း တော်လှန်သောပြည်သူ့အဖွဲ့မှ ရဲဘော်သိန်းလွင်က တိုက်ပွဲဝင်ရက် ၂၄ ရက်မြောက် ၁၉၇၁ ဇူလိုင်လ ၂ ရက်နေ့ တွင် လည်းကောင်း ထောက်ခံပါဝင်လာခဲ့ကြသည်။
ထို့နောက် ပါတီအသီးသီးမှလည်း သည်ကနေ့ခေတ်အခေါ် ထောက်ပို့လို့ ဆိုမလား တိုက်ပွဲဝင်သူ သူရဲကောင်းများကို ပြုစုဖို့ တာဝန်ခွဲဝေယူပေးကြသည် ။
ပြည်သူ့သူရဲကောင်းတို့၏ တိုက်ပွဲပုံသဏ္ဍာန်မှာ ပါတီကော်မတီအပေါ် ယုံကြည်မှု တော်လှန်ရေးကို ယုံကြည်မှု ပြည်သူအပေါ် ယုံကြည်မှုနှင့် အလုပ်အကျွေးပြုလိုမှု ၊ ပြည်သူနှင့်ရဲဘော်ရဲဘက်များအပေါ်ချစ်ခင်လေးစားမှု ၊ရန်သူအပေါ် နာကြည်းမုန်းတီးမှု တို့ကြောင့် စိတ်ဓါတ်ပိုင်းမှာ ပိုင်းဖြတ်မှု ပြတ်သားလှပါသည်။
အင်မတန် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကာလကို ဖြတ်သန်းရင်း တိုက်ပွဲကာလ ကြာရှည်လာသလောက် ရဲဘော်တချို့၏ ကျန်းမာရေးသည် တစတစ ပါးလျားလာခဲ့ကြသည်။သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများကို ကိုကိုးကျွန်းပို့ပြီး ရာသက်ပန် အကျဉ်းချထားလိုသော စစ်အာဏာရှင်ဗိုလ်နေဝင်း၏ ကိုယ်ထူကိုယ်ထ မဟာစီမံကိန်းကြီးကို ရိုက်ချိုးဖျက်ဆီးပြီး လက်ရှိရဲဘော်များနှင့် နောင် ဆက်လက်ပို့ဆောင်မည့် နိုင်ငံရေးအကျဉ်းသားများအတွက် အသက်ပေးတိုက်ပွဲဝင်လိုသည့် ဂုဏ်ပြောင်သောစိတ်ဓါတ်တို့က ပထမဆုံးကျဆုံးခဲ့သော ရဲဘော်သိန်းကြည်၏ နောက်ဆုံးအမှာစကားလို ” ဆံချည်တမျှင်တောင်နောက်မဆုတ်နဲ့ ဆက်တိုက် ” ဟု တွန်းထိုးလှုံ့ဆော်နေသလိုပင်ဖြစ်သည်။
၁၉၇၁ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ နေ့စဉ်အဆက်မပြတ်ရွာနေသည့် မိုးမှာ ရုတ်တရက် ရပ်သွားခဲ့သည်။ အစာငတ်ခံတိုက်ပွဲ
ဝင်နေသည့် အဆောင်ရှိရာဆီမှ အင်တာနေရှင်နယ် သီချင်းသံက သံပြိုင်ထွက်လာခဲ့သည်။
“ချစ်လှစွာသောရဲဘော်သိန်းကြည်သည် သူရဲကောင်းအထောင်အသောင်းတို့၏ သွေးခင်းသောလမ်းကို မြန်းခဲ့လေပြီ ”
အစာငတ်ခံ တိုက်ပွဲကြီးရဲ့ ၃၇ ရက်မြောက်မှာပဲ ရဲဘော်သိန်းကြည်ဟာ ပါတီအတွက် ၊ အဖိနှိပ်ခ့ ပြည်သူလူထုအတွက် ဂုဏ်ပြောင်စွာ အသက်ကိုစွန့်လွှတ်သွားခဲ့ပါပြီ။ သူရဲကောင်း ရဲဘော်သိန်းကြည်ရဲ့ ရုပ်ကလာပ် အခေါင်းမှာ သူနောက်ဆုံးမှာခဲ့သော “ဆံချည်တမျှင်တောင်နောက်မဆုတ်နဲ့ ဆက်တိုက် ” ဆိုတဲ့ စကားကို ထင်ထင်ရှားရှားရေးပြီး တိုက်ပွဲဆောင်နားမှာ ဈာပနပြင်ပြီး အင်တာနေရှင်နယ်ဆို အလေးပြုပြီး ရဲဘော်သိန်းကြည်၏ မပြီးဆုံးသေးသော တိုက်ပွဲကို ကျန်ရဲဘော်များက ဆက်လက်သယ်ဆောင်ခဲ့ကြသည်။
ရဲဘော်သိန်းကြည် အပြင်းအထန်ခံစားနေရချိန်တွင် “ငါအရင်ကျရင် ငါ့ရဲဘော်တွေကိုကယ်နိုင်မယ်”ဆိုကာ ရေပါမသောက်ပဲ ဖြတ်ပစ်လိုက်တဲ့ ရဲဘော်အုန်းမော် ( ပါကြီး )ကတော့ တိုက်ပွဲကာလ ၄၆ ရက်မြောက် ၁၉၇၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဒုတိယမြောက်ကျဆုံးရဲဘော်ဖြစ်ခဲ့သည်။
ရဲဘော်အုန်းမော်သည် ရဲဘော်များကို အလွန် ချစ်ခင်လေးစားတဲ့တတ်တဲ့သူဖြစ်ပြီး အနစ်နာခံတတ်သူတယောက်ဖြစ်သည်။ သူ၏ ခံယူချက်မှာ “လယ်သမားထယ်ထိုးတဲ့ အခါ အငုတ်အမြစ်ပါ မကျန်အောင် ထိုးရသလို ရန်သူကို တိုက်ရာမှာလည်း အငုတ်အမြစ်ပါ မကျန် စေရဘူး” ဟူ၍ ဖြစ်သည်။ ရဲဘော်သိန်းကြည်၏ အလောင်းဘေး၌ ရဲဘော်အုန်းမော်ရဲ့ အလောင်းကိုထားပြီး အင်တာနေရှင်နယ်ဆို အလေးပြုပြီး တိုက်ပွဲကို ဆက်တိုက်ကြပါတယ် ။
တတိယမြောက် အသက်စွန့်လွှတ်ခဲ့တဲ့ သူရဲကောင်းကတော့ တိုက်ပွဲမှာပါဖို့ ခွင့်မပြုဘူးဆိုရင်တောင်မှ ကိုယ့်အိပ်ယာလိပ်ကိုယ်ထမ်းပြီး တိုက်ပွဲထဲမှာ ဝင်အိပ်နေလိုက်မှာပေါ့ဆိုပြီး တိုက်ပွဲကို အပြတ်နွှဲဖို့သာ တွင်တွင်တောင်းဆိုခဲ့သည့် ရဲဘော်ချစ်ဆွေ ( မဲကြီး )ပင်ဖြစ်သည်။ ၎င်းသည် ၁၉၇၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှာပဲ တာဝန်ကျေပွန်စွာ ကျဆုံးခဲ့သည်။
သူ၏ယုံကြည်ချက်ကတော့ ” ခိုင်မာတဲ့ သံန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ ဘာမှ မရှိဘူး ” ဟူ၍ဖြစ်သည်။ကျွန်းပေါ်ကို ဖြတ်သန်းတိုက်ခက်နေသည့် မုန်တိုင်း၏ လေအလျှင်နှင့်အတူ အင်တာနေရှင်နယ်သီချင်းဆိုပြီး အလေးပြုသံဟာ အကျဉ်းထောင်တခုလုံးကို ပြန့်လွှင့်နေတော့သည်။
ရဲဘော်ချစ်ဆွေ ကျဆုံးပြီးနောက် ထောင်အာဏာပိုင်များနှင့် ဆရာဝန်က လာပြီး တိုက်ပွဲဝင်ရဲေဘာ်တွေကို ထုံးစံအတိုင်း ပေါင်ချိန် သွေးချိန်လာလုပ်တဲ့အချိန်မှာ တိုက်ပွဲဝင်ရဲဘော်တယောက်က အာဏာပိုင်တွေကို ဆက်ပြီးမတိုက်နိုင်တော့ဘူး ဆေးကုပေးပါဆိုပြီး ဖေါက်သွားသည်။ ထောင်အာဏာပိုင်တွေက ချက်ချင်းထမ်းစင်နဲ့ ဆွဲထုတ်သွားကြသည်။အဲဒီ ဖြစ်ရပ်များ၏ ဘေးတွင်ရှိနေသည့် ရဲဘော်လေးမောင်က ” ဟေ့ကောင် မင်းမျက်နှာမကြည့်ချင်ဘူး သစ္စဖောက်ဆိုပြီး ” နာနာကြည်းကြည်း အော်ဟစ်ခဲ့ပါတယ် ။
ကိုကိုးကျွန်း ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲကြီးမှာ ဒုတိယအသုတ်မှစပြီး ဦးဆောင်ပါဝင်နေတဲ့ ဆရာဦးခင်မောင်မြင့်က ”တိုက်ပွဲတခုအရှိန်မြင့်လာရင် ဒါမှမဟုတ်အီလာရင် ဒီတိုက်ပွဲကိုဘယ်ပုံသယ်ကြမလဲဆိုတဲ့ ပြသနာအပေါ်မှာအမြင်ကွဲပြားမယ် ။ဒါဟာဓမ္မတာပဲ။ တိုက်ပွဲကိုဆုံးခန်းတိုင်အောင်ဆက်သယ်ချင်သူရှိမယ်။ အေးအေးပဲထိုင်နေချင်သူရှိမယ် ။ဒါဟာဒီခေတ်မှမဟုတ်ဘူး။ခေတ်တိုင်းခေတ်တိုင်းမှာဖြစ်လေ့ရှိတာပဲ။” ဆိုပြီးပြောခဲ့တာဟာ ဒီအစာငတ်ခံရဲဘော်၏ ဖေါက်ပြန်မှုအပေါ် သတ္တုချပုံပေါ်သည်။
မည်သို့ပင်ဖြစ်စေ ကိုကိုးကျွန်းမှ တိုက်ပွဲဝင်သူရဲကောင်းများကတော့ ပါတီကော်မတီ၏ တည်တည်ငြိမ်ငြိမ် ဦးဆောင်မှုနှင့်အတူ ဖောက်ပြန်သူတယောက်ကြောင့် ရန်သူကို ဝမ်းမသာစေပဲ ဆက်လက်အရှိန်ကိုမြှင့် တိုက်ပွဲဝင်ခဲ့ကြသည်။ ရန်သူကိုပိုပြီး နာနာကြည်းကြည်း ဟစ်ကြွေးတော်လှန်ခဲ့ကြသည်။
၂၈ . ၇ .၇၁ ရက်နေ့ တိုက်ပွဲဝင်ရက်ပေါင်း ၅၀ ပြည့် အဲ့ဒီနေ့ နံနက်မှာ ရဲဘော်ထွန်းမြင့်( ဘီရှော့ )ဟာ စတုတ္ထမြောက် အသက်စွန့် ကျဆုံးခဲ့ရသည်။ရဲဘော်ချစ်ဆွေ ကျဆုံးပြီးချိန်တွင် သူထံသို့ စကားလာပြောသည့် ဆရာရာဂျန်က သူ့ခြေထောက်ကိုဆုပ်နယ်ပေးရင်း အေးနေတာတွေ့ရလို့ ပြုစုနေတဲ့ ရဲဘောလေးကို စောင်ခြုံ့ပေးခိုင်းတော့ “ဆရာရယ် ကျနော့်ခြေထောက်တွေလက်တွေအေးနေပေမယ့် ကျနော့်နှလုံးသားကတော့ မော်စီတုန်းအတွေးအခေါ်နဲ့ နွေးထွေးနေဆဲပါ “ဟု ခပ်ယဲ့ယဲ့ ပြန်ပြောခဲ့သည်။
မုန်တိုင်းမိုးလည်း သည်းသည်းမဲမဲရွာနေချိန် ကျဆုံးသွားသည့် ရဲဘော်ထွန်းမြင့်အား အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို အလေးပြုပြီး ရဲဘော်များဟာ ကိုယ့်နေရာကိုယ် ပြန်လာခဲ့ကြသည် ။ အပြန်လမ်းတဝက်မှာတင် ” သတိ ” ဆိုတဲ့ တပ်လှန့်သံနှင့်အတူ ကိုကိုးကျွန်းအကျဉ်းထောင်တဝိုက် အင်တာနေရှင်နယ် သီချင်းသံက ထပ်မံ ဖုံးလွှမ်းသွားခဲ့ပြန်ပါသည် ။
၂၈ .၇ .၁၉၇၁ ရက်နေ့ ရဲဘော်ထွန်းမြင့်ကျဆုံးတဲ့တစ်ရက်ထဲ ရဲဘော်စိန်ချင်း( ဗိုလ်ချင်း ) ဟာ ပဉ္စမမြောက်ကျဆုံးသူအဖြစ် သူရဲကောင်းအထောင်အသောင်း၏ သွေးခင်းသောလမ်းကို ထပ်မံလျှောက်လှမ်းခဲ့ပြန်သည် ။
တိုက်ပွဲဝင်ရဲဘော်များ၏ အခြေအနေကို လိုက်ကြည့်နေသည့် ဆရာရာဂျန်ကို ရဲဘော်စိန်ချင်းက နောက်ဆုံးစကားတခွန်းပြောသွားခဲ့သည်က “ကျနော်ကတော့ အလုပ်သမားလူတန်းသားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး ဆရာ” ဟုဆိုစကားဖြစ်သည်။ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်ပြောင်သော သူရဲကောင်းတယောက်အဖြစ် ရဲဘော်စိန်ချင်းဟာ အသက်စွန့်တိုက်ပွဲဝင်သွားခဲ့သည်။
ရဲဘော် ၅ ယောက်အသက်စွန့်သွားအပြီးမှာ ထောင်အာဏာပိုင်များ၏ တုန်လှုပ်မှုကို တွေ့လာရသည်။ဒါကြောင့်လဲ မရေမရာ အထောက်အထားမဲ့ မျှော်လင့်ချက်တွေနှင့် စေ့စပ်ဖို့ကြိုးစားလာကြသည်။ သို့သော်လည်း စစ်
အာဏာရှင်ရဲ့ မြစ်ကဲ့သို့လှည့်ပတ်ကောက်ကွေ့သော နဒီဝင်္ကံသဘောကို စောကြောနိုင်သည့် ခေါင်းဆောင်များနှင့် တိုက်ပွဲဝင် သူရဲကောင်းတို့သည် လက်မခံပဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။
အင်တာနေရှင်သီချင်းသံကြားလျှင် တစ္ဆေအခြောက်ခံရသလို ခံစားလာရသည့် ထောင်အာဏာပိုင်များသည် သပိတ်လှန်ဖို့သာ တွင်တွင်ပြောနေပြီး တောင်းဆိုချက်များ လိုက်လျောဖို့ ခိုင်မာတဲ့ ကတိကဝတ်တွေ မပေးခဲ့ကြ၊ ခုစာရွတ်စာတမ်းနဲ့ တောင်းဆိုမှုတွေကို လိုက်လျောကြောင်း ခုလက်မှတ် ရေးထိုးပေးရင် ခုသပိတ်ကို လှန်ပါမည်ဟု ပါတီကော်မတီက ပြတ်သားတဲ့ သဘောထား ပေးထားသည်။
အလွယ်တကူမလိုက်လျောချင်သော စစ်အာဏာရှင်နှင့် သူ့ဒေါက်တိုင်များကြောင့်ပင် နောက်ထပ် အဖိုးတန်သော ရဲဘော်သုံးဦးကို ထပ်မံဆုံးရှုံးခဲ့ကြရသည်။
အဲဒီနေ့က မုန်တိုင်းကင်းစင်ပြီး ကောင်းကင်က ထူးထူခြားခြား သာယာလှပနေသည်။အချိန်က ၁၉၇၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မနက်အစောပိုင်း တိုက်ပွဲဝင်ရဲဘော်မောင်မောင်စိုး ခေါ် မမျှော်လင့်တဲ့ ကဗျာရှင် မျက်နှာထားတင်းတင်းနဲ့ ကဗျာတပုဒ်ကို ရွတ်ဆိုရင်း ညာလက်မှတ်ကိုမြှောက်ကာ ဘေးမှ တိုက်ပွဲဝင်ရဲဘော်များကို အလေးနီပြုပြီး အလေးပြုထားတဲ့ လက်ပြန်အကျမှာ တင်းမာနေတဲ့ မျက်နှာထားဟာ ပြေလျှော့ ဖြော့တော့သွားခဲ့ပါသည်။
အပေါ်သွေး အောက်သွေး သုံညမှာဆုံပြီး အသက်ကုန်တဲ့အထိ စောင့်နေကြတဲ့ ရန်သူ၏ ယုတ်မာရက်စက်မှုကြောင့်
အဖိုးတန်ရဲဘော် မောင်မောင်စိုးဟာ တိုက်ပွဲထဲမှ ဆဌမမြောက် ထွက်ခွာခဲ့သည်။ရဲဘော် မောင်မောင်စိုးသည် စတင် အစာငတ်ခံ တိုက်ပွဲဝင်ကတည်းက သူ့အိပ်ယာ ခါးပန်းမှာ မြေဖြူနှင့် ” ငါ့ဘဝမှာ တိုက်ပွဲများဖြင့် ပြည့်လျှမ်းနေပါစေ ” ဟူ၍ ထင်ထင်ရှားရှားရေးသားထားခဲ့သူဖြစ်သည်။
အင်တာနေရှင်နယ်သီချင်းဟာ သူရဲကောင်းဝိဉာဉ်တို့ကို နှစ်သိမ့်လျှက်ပင် ။
ထို့နေ့ နေလည်ခင်း၌ပင် ရန်သူနှလုံးတွင်းမှာ စိုက်သွင်းထားသော ဓါးမြှောင်နီသည် ပါတီအတွက် တော်လှန်ရေးအတွက် ပြည်သူလူထုအတွက် ရဲစွမ်းသတ္တိအပြည့်ဖြင့် မိမိအသက်ခန္ဓာကို ချေမွကာ တိုက်ပွဲဝင်ရင်း ကိုကိုးကျွန်းကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲကြီးတွင် အသက်စွန့်စတေးခဲ့ပြန်လေသည် ။
” ရဲဘော်လေးမောင်တဲ့ဟေ့ အာဇာနည် ရန်သူတကာ ကြောက်ဒူးတုန်စေမည် ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓါးမြောင်နီ ပြည်သူများကို ရွှင်လန်းအားတက်စေမည် ပြည်သူအတွက်တော့ အေးမြတဲ့ စမ်းရေညီ အသက်ကို မြုပ်နှံ စတေးလို့ သွေးသမိုင်းမော်ကွန်းထုတ်ပြန် ရေးခဲ့သည် ….…”
ဘယ်လိုမှ မေ့ဖျောက်ခြင်းငှာ မစွမ်းသာသော လူတစ်ယောက်ဖြစ်သူ သတ္တမမြောက်ကျဆုံးသူ ရဲဘော်လေးမောင်၏ စွန့်လွှတ်မှုအား အင်တာနေရှင်နယ် သီချင်းအားဖြင့် ဂုဏ်ပြုခြင်းသည် ပြည်ဝသော အဓိပ္ပါယ်ကို ဆောင်ပေလိမ့်မည်ဟု ဆိုချင်ပါသည်။
ရဲဘော်လေးမောင်ကျဆုံးခဲ့ပြီး ညနေပိုင်းရောက်သည့်အချိန်တွင် ထောင်အာဏာပိုင်တို့က တိုက်ပွဲအဆောင်ထဲရောက်လာကြပြီး ” တောင်းဆိုချက်အားလုံးပေးပါ့မယ် ခင်ဗျားတို့ကိုလည်း မကြာမီကာလမှာ ပြည်မကို ပြန်ခေါ်ပေးပါမယ် ” ဆိုပြီး အလျော့ပေးလိုက်ကြတဲ့အတွက် တရားဝင်စာရွတ်စာတမ်းနဲ့ ဂတိပြု လက်မှတ်ရေးထိုးဖို့ ပါတီကော်မတီနဲ့ စီစဉ်နေကြစဉ် ” သတိ ” ဆိုသည့် တပ်လှန်သံ ထွက်ပေါ်လာခဲ့ပါသည်။
ရဲဘော်ထုတရပ်လုံး၏ အင်တာနေရှင်နယ် သီချင်းသံအောက်တွင် ထောင်အာဏာပိုင်များ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြစဉ် သီချင်းဆုံးသည်နှင့် ရဲဘော်တယောက်ကျတိုင်း ကြွေးကြော်ကြသလို “ရဲဘော် ထွန်းဝင်းကို သတ်တာ စစ်အာဏာရှင် ၊ရဲဘော်ရှစ်ယောက်ကိုသတ်တာ စစ်အာဏာရှင် ” စသည်ဖြင့် ထောင်အာဏာပိုင်များကို လက်ညှိုးငေါက်ငေါက်ထိုးကာ နာနာကြည်းကြည်း ကြွေးကြော်ကြသည်။ ဟုတ်ပါသည် အောင်ပွဲအရယူနိုင်ပြီဆိုသည့် အချိန်တွင် ရဲဘော်ထွန်းဝင်း ( စတင်း ) ဟာ အဌမမြောက် ကျဆုံးရဲဘော်အဖြစ် အသက်စွန့်လွှတ်သွားခဲ့ပါပြီ ။
” ငါတို့ ကွန်မြူနစ်တွေဟာ ကိုယ့်ကိုကိုယ်လေထီးစစ်သားလို သဘောထားရမယ် ၊ပါတီကပေးတဲ့ တာဝန်ကို ကျရာနေရာ ရောက်ရာအရပ်မှာ ထမ်းဆောင်နိုင်ရမယ် ” ဆိုတဲ့ ရဲဘော် ထွန်းဝင်း၏စကားသည် ရဲဘော်ရဲဘက်များ၏ ရင်၌ ကဗ္ဗည်းတင်နိုင်ခဲ့ပါပြီ ။
ဤသို့ဖြင့် ၉.၆.၁၉၇၁ ရက်နေ့တွင်စတင်ခဲ့ကြသော ခက်ခဲကြမ်းတမ်းသည့် အစာငတ်ခံ အစာဖြတ်တိုက်ပွဲကြီးမှာ ၃၁.၇.၁၉၇၁ တွင် ၅၁ ရက်ကြာပြီးနောက် အောင်ပွဲအရယူနိုင်ခဲ့သည်။
ထို့နောက် အာဇာနည်ရဲဘော်ရှစ်ယောက်၏ ဈာပနကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ မွေးနေ့ ဩဂုတ်လ ၁၅ ရပ်နေ့ သတ်မှတ်ပြီး သူရဲကောင်းကျောက်တိုင်စိုက်ထူကာ ဂုဏ်ပြုကြပါသည်။ကိုကိုးကျွန်းပါတီကလည်း ဇူလိုင် ၃၁ ရက်နေ့ကို ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့အဖြစ် ဂုဏ်ပြုကြောင်း ကြေငြာခဲ့ပါသည်။
တိုက်ပွဲမစခင်ကတည်းက ဒီပွဲနိုင်မလား မနိုင်မလား မသိ သို့သော် မနိုင် နိုင်အောင်တိုက်မယ်ဆိုတဲ့ သူရဲကောင်းစိတ်ဓါတ်နှင့် တယောက်ပြီးတယောက်သေပြဖို့အထိ ဆုံးဖြတ်ပြီးတိုက်ခဲ့ကြသည်။ အပေါ်သွေး အောက်သွေး သုံညမှတ်မှာဆုံသည် အထိ ရဲရဲတောက် နောက်မဆုတ်စတန်း တိုက်ပွဲဝင်ခဲ့ကြသည့် အတွက် ဗိုလ်နေဝင်း၏ နိုင်ငံရေးအကျဉ်းသားများကို ကိုကိုးကျွန်းပို့ပြီး ကိုယ်ထူကိုယ်ထစနစ်နှင့် ရာသက်ပန် ချုပ်ထိမ်းမည့် မဟာစီမံကိန်းကြီးကို အဆုံးတိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့ကြသည်။
သံန္နဌာန်ချ ၊အသက်စွန့်ရန်မကြောက် ၊အခက်အခဲဖယ်ရှား၊အောင်ပွဲအရယူနိုင်ခဲ့သည့် ကိုကိုးကျွန်းစိတ်ဓါတ်ကို သည်ကနေ့ မျိုးဆက်သစ်တို့၏ ပုခုံးပြောင်းတာဝန်ယူထားရသော စစ်အာဏာရှင် အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးတွင် လေ့လာသင့်တယ်လို့ မှတ်ချက်ပြုရင်း ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ကို အလေးနီပြု ဂုဏ်ပြုလိုက်ပါတယ် ။
.စာကြွင်း။ ။ဤစာအား ပြည်သူ့သူရဲကောင်းနေ့ကို ဂုဏ်ပြုလိုခြင်းကြောင့် ဦးလေး ဆရာဦးခင်မောင်အေး ( ချောက် )ရေးသော ကိုကိုးကျွန်းမှာ ညပေါင်းတထောင် ဂုဏ်ရောင်အသင်္ချေ စာအုပ်မှ ကိုးကားထုတ်နှုတ်၍ ရေးခြင်းဖြစ်သဖြင့် ကိုကိုးကျွန်းသမိုင်း အသေးစိတ်အားလေ့လာလိုပါက ထိုစာအုပ်အား ဖတ်ရှူရန် ညွှန်းပါသည် ….ဦးလေးလည်း ကျေနပ်မယ်လို့ ယုံကြည်ပါသည်။