ကာကွယ်ရေး၀န်ကြီးဌာနအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့၀င်အားလုံးကို စစ်ဘက်ဆိုင်ရာဥပဒေများ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Dec 06, 2022

ကာကွယ်ရေး၀န်ကြီးဌာနအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့၀င်အားလုံးကို စစ်ဘက်ဆိုင်ရာ ဥပဒေများလိုက်နာဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့တွင်ပြုလုပ်သည့် ၇၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကာကွယ်ရေး၀န်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့၀င်တွေအားလုံး စစ်ဘက်ဆိုင်ရာဥပဒေ တွေ စစ်ရေးညွှန်ကြားချက်တွေကို သေချာလိုက်နာဆောင်ရွက်ဖို့ ကြပ်ကြပ်မတ်မတ်စီမံ ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ကျွန်တော်တို့က ဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲ၀င်နေကြတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်သလို တရားလက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့အရေးကြီးပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ယခုအချိန်သည် တော်လှန်ရေးအတွက် အင်မတန်သတိကြီးကြီးသွားရမည့်အချိန်ဖြစ်ကာ၊ စစ်ကောင်စီအနေဖြင့်လည်း လက်နက်ဖြင့် ပြည်သူကို ခြိမ်းခြောက်ပြီး တစ်ပတ်နှစ်ပတ်ဖြင့် အောင်မြင်မည်ဟု ထင်ကာ အာဏာသိမ်းမှုသည် ၂ နှစ်နီးပါးကြာသည်အထိ ပြည်သူများ၏ ဇွဲထက်သန်စွာ တောင့်ခံမှုကြောင့် ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ တော်လှန်ရေးကို နည်းမျိုးစုံဖြင့် ပုံဖျက်ရန် ကြိုးစားလာကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ဆိုသည်။

“ ပြည်သူတွေစိတ်၀မ်းကွဲစေမယ့် ကိစ္စရပ်တွေ တခုပြီးတခုဖန်တီးလာတဲ့အချိန် တော်လှန်ရေးမှာ ပူးပေါင်းပါ၀င်နေတဲ့ မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ဆွဲဆောင်မှုတွေပြုလုပ်နေတဲ့အချိန်ဖြစ်တယ်။ တဘက်က ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကြောင့် စိတ်ရောကိုယ်ပါဖိစီးလာချိန်၊ ဒီလိုအခြေအနေမျိုးမှာ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ပြည်သူကို ကောင်းမွန်စွာ ဦးဆောင်မှုပေးပြီး အရှိန်အဟုန်နဲ့ ပန်းတိုင်ဆီရောက်ဆောင်ချီတက်နိုင်ဖို့လိုပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

ထို့ပြင် စစ်ရေးနှင့် အုပ်ချုပ်ရေးသည် ထိထိရောက်ရောက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ အုပ်ချုပ်ရေးဖော်ဆောင်နေသည့် မြိုကများတွင် လုံခြုံရေးကဏ္ဍ အားကောင်းမှ အခြားကဏ္ဍများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းက ပြောကြားသည်။

ဆက်လက်ပြီး NUG အနေဖြင့် အခက်အခဲများ ဘယ်လောက်ရှိရှိ ချမှတ်ထားသည့် တစ်နှစ်တာ မဟာဗျူဟာ အစီအမံများကို ထိရောက်စွာအကောင်အထည်ဖော်ပြီး ရည်မှန်းထားသည့် တစ်နှစ်သည် တော်လှန်ရေးအဆုံးအဖြတ် နှစ်ဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ကို ပြည်ဝအောင်ကြိုးစားရမည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #မန်းဝင်းခိုင်သန်း #PDF