ကသာမြို့နယ်တွင် NUG မှ မြို့နယ်တရားရုံးဖွင့်လှစ်

Author လင်းခိုင်
Categories
Published on Oct 16, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ အောက်တိုဘာ ၁၅ရက်တွင် မြို့နယ်တရားရုံး ဖွင့်လှစ်ခဲ့ကြောင်း ကသာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည်သုံးသပ်ချက်တွင်လည်း တရားဥပဒေစိုးမိုးရေးအတွက် ယာယီအချုပ်ခန်း ၂၀ ကျော်တည်ဆောက်ထားပြီး အမှုအခင်း ၁၁၆မှုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုနှစ် မေ ၁၉ရက်တွင် ယာယီသမ္မတ ဒူဝါလရှိလ လက်မှတ်ရေးထိုးပြီး ကသာ၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ၀က်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး၊ တမူးနှင့် ယင်းမာပင်မြို့နယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရက တရားသူကြီးအဖွဲ့များ ခန့်အပ်လိုက်ပြီး တရားစီရင်ရေးအာဏာ အပ်နှင်းကြောင်းကို ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနမှ တော်လှန်ရေးအဖွဲ့များ၏ စစ်ဘက်ဆိုင်ရာ ပြစ်မှုများကို အရေးယူမှုများပြုလုပ်နိုင်ရန်အတွက် စစ်တရားရုံးကိုလည်း မကြာမီ လည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။