ကဝမြို့နယ် ပကဖ က CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးနှင့် ဇနီးဖြစ်သူတို့ကို လုံခြုံရာသို့ ပို့ဆောင်ပြီး ဆုငွေချီးမြှင့်ခဲ့

Author အဂ္ဂ
Categories
Published on Oct 12, 2023

ပဲခူးတိုင်းစစ်ဒေသခွဲ၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံသို့ ဆက်သွယ်ကာ စစ်ကောင်စီထံမှ ပြည်သူ့ရင်ခွင်ခိုလှုံရန် (လက်နက်မပါဘဲ) CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးနှင့် သူ၏ ဇနီးဖြစ်သူတို့ကို ၄င်းတို့ ဆန္ဒအတိုင်း သွားလိုသည့် လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကာ ဆုငွေ (၁၁) သိန်းလည်း ချီးမြှင့်ခဲ့သည်ဟု Bago Region PDF ၏ ယနေ့ (အောက်တိုဘာ ၁၁) ရက်နေ့ထုတ်ပြန်ချက်အရသိရပါသည်။

ဆုငွေချီးမြှင့်ပြီး ဆန္ဒရှိသည့် လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့သည့်အပြင် ယခုလက်ရှိတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် ချိတ်ဆက်ဆောင်ရွက်ကာ ကူညီစောင့်ရှောက်မှုများ ဆက်လက် လုပ်ဆောင်ပေးလျက်ရှိ‌သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

“သူတို့ဆက်သွယ်လာတာကတော့ စက်တင်ဘာ (၁၅) ရက်နေ့မှာ‌ပေါ့နော်၊ သူတို့က နဂိုကတည်းက ထွက်ချင်နေတယ်၊ ထွက်ချင်ပေမယ့် အခွင့်မသာဘူးပေါ့၊ အခုကျတော့ သူတို့ အခွင့်သာတဲ့အခါမှာ ထွက်လာတယ်ပေါ့နော်” ဟု ကဝ ပကဖ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

တပ်တွင်းမှ ထွက်လာပြီးနောက် ပဲခူးတွင် ခတ္တခိုလှုံကာ ကဝ ပကဖ ထံသို့ဆက်သွယ်လာကြောင်း၊ သူတို့သွားချင်သည့်နေရာကို ပို့ပေးရန် လမ်းကြောင်းချိတ်ကာ ကားစီစဉ်ကာ ပို့ပေးလိုက်ကြောင်း၊ အခက်အခဲထူးထွေမရှိကြောင်းနှင့် လုံခြုံသည့်ပို့ဆောင်ရေးနှင့် သွားလိုသည့်နေရာသို့ ပို့ဆောင်ကာ ဆုငွေ (၁၁) သိန်း ချီးမြှင့်လိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ကလည်း ပိုပြီးသတိထားရတာပေါ့၊ အယောင်ဆောင်ပြီး ဝင်လာတာတွေ၊ အသွင်ယူပြီး ဝင်လာတာမျိုးတွေ ဖြစ်မှာစိုးရတာပေါ့၊ အဲ့ဒီတော့ ကျွန်တော်တို့ သေသေချာချာ စိစစ်ရတာပေါ့၊ ပြီးတော့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ရှိတယ်ပေါ့နော်၊ အဲ့လိုရှိလို့ ကျနော်တို့ သေချာလေး ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်”ဟု CDM ဝင်ရန် ဆက်သွယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိလာပါက လုပ်‌ဆောင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အဆိုပါ ပကဖ တာဝန်ရှိသူက ဆက်လက်ရှင်းပြပါသည်။

CDM ဝင်လာသည့် တပ်ကြပ်ကြီး စာရေး၏ အမည်၊ ကိုယ်ပိုင်နံပတ်နှင့် တပ်ရင်းတို့ကိုမူ သူတို့ဆန္ဒအရ၊ လုံခြုံရေးအရ လျှို့ဝှက်ထားပေးပြီး သတင်းကိုလည်း လုံခြုံရေးအရ ယခုမှသာ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကဝ ပကဖ သည် ယခင်က ကဝမြို့မ ရဲစခန်း၌ တာဝန်ကျနေသော ရဲတပ်သားတစ်ဦးက CDM ဝင်ရန် ချိတ်ဆက်လာသည့်အတွက် ကူညီမှုများ လုပ်ဆောင်ပေးကာ ခေါ်ထုတ်ရန်စီစဉ်နေစဉ် အဆိုပါရဲတပ်သား၏ ဇာတိဖြစ်သည့် ချင်းပြည်နယ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုက်ရသည့်အတွက် ချင်းပြည်နယ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံ၌ CDM ပြုလုပ်ခဲ့ကြောင်း၊ CDM ဝင်ရန် ဆက်သွယ်လာသည်မှ အပြင်ရောက်သည်ထိ အစအဆုံးကူညီခဲ့သည်မှာ ယခုတစ်ယောက်က ပထမဦးဆုံးဖြစ်ကြောင်းလည်း သိရပါသည်။ ထို့ပြင် အစောပိုင်းကတည်းက CDM ဝင်ထားကြသည့် ကဝမြို့နယ်အတွင်းရှိ ရဲတပ်သားနှင့် စစ်သား CDM များကိုလည်း အလျဉ်းသင့်သလို ကူညီလျက်ရှိသည်ဟုလည်း ကဝ ပကဖ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားပါသည်။

ပဲခူးတိုင်း စစ်ဒေသခွဲသည် ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသည့် တပ်မတော်သားများနှင့် ရဲတပ်သားများကို ဝမ်းပန်းတသာကြိုဆိုကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ထံမှ ထွက်ကာ အမြန်ဆုံး CDM လုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားပါသေးသည်။