ကလေး ကမ္ဘာဇဘဏ်အနီး ဗုံးကွဲ၍ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 19, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)အနီးတွင် ယမန်နေ့ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအတွင်း လမ်းသွားလမ်းလာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း ကလေးမြို့ ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

ယင်းနေရာတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်သားများဖောက်ခွဲသည့် ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် သုံးဘီးဆိုင်ကယ်(ဆိုက်တွဲ)ယာဉ်မောင်းတို့နှစ်ဦး သေဆုံးခဲ့ကြရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကမ္ဘောဇဘဏ်ခွဲ ၂ နားက တံတားဖြတ်ချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာ။ စကစဂိတ်နဲ့ နီးတယ်လေ။ လူသွားလူလာရှိချိန် ရည်ရွယ်ချက်ရှိရှိလုပ်တာဖြစ်နိုင်တယ်။ လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ကလေးတစ်ယောက်နဲ့ သုံးဘီးဆရာတို့ နှစ်ယောက်သေဆုံးတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသတွင်းသတင်းဌာနများက စစ်ကောင်စီလက်ချက်ဟု ဖော်ပြနေကြသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာအချို့နှင့် လော်ဘီချန်နယ်အချို့ကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လုပ်ရပ်ဟု ရေးသားနေကြသည်။

 

စစ်ကောင်စီမီဒီယာများတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် ၅ နှစ်အရွယ် ကလေးအပါအဝင် သားအဖနှစ်ဦး သေဆုံးသွားကြောင်း ဖြန့်ဝေရေးသားကြသည်။

 

ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စစ်​ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံအရပ်သား ၂၀ ဦးကျော် သေဆုံးခဲ့ရကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။