ကလေးရှိ စစ်ရှောင် နှစ်သောင်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ

Author မင်းထက်
Categories
Published on Mar 12, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း ဒေသများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များကြား စစ်ရေးတင်းမာမှုကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီအတွက် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက CJ Platform သို့ ပြောသည်။

 

“ကျွန်တော်တို့ဌာနနဲ့ NGO ၊ INGO တွေကလည်း အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးနေပါတယ်ဗျ။ အဓိကကတော့ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာဆေးဝါးပေါ့နော်” ဟု ၎င်းက ပြောသည်။

 

ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်တွေ၏ စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ လက်ရှိအချိန်ထိ နှစ်သောင်းနှင့်အထက်ရှိနေကြောင်း တိမ်းရှောင်နေကြသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

လတ်တလော ကလေးမြို့ တောင်ပိုင်းတွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စခန်းများဖွင့်လှစ်ထားသကဲ့သို့ စစ်ကောင်စီတပ်များနှင့် ပြည်သူ့တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေကြောင်း သိရသည်။

 

စစ်ကောင်စီတပ်များ တပ်ဆွဲထားရာ နည်းပညာတက္ကသိုလ်နှင့် သာယာဝတီနှင့် ထိုမာကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များကြား ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေသည့်အတွက် စစ်ရေးလုံခြုံရေးလိုအပ်ချက်အရ  ကလေးတောင်ပိုင်းလမ်းမကြီးကို နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မချင်း အသွားအလာပိတ်လိုက်ကြောင်း မတ်လ ၁၀ ရက်နေ့က ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်ကြောင်း မတ်လ ၃ ရက်နေ့ UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။