ကလေးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံး

Author မင်းထက်
Categories
Published on Mar 21, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံးကျော်ပျက်စီးသည့်အပြင် အရပ်သားပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ဒေသခံများနှင့် ယင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံမှ သိရသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်  လက်ပံချောင်းကျေးရွာအတွင်းသို့ကျရောက်ပေါက်ခဲ့ပြီး ရပ်ကွက်ရုံး အနောက်တောင်ဘက်ရှိ နေအိမ် သုံးလုံးကျော် ပျက်စီးခဲ့ရကြောင်း ယင်းမြို့နယ် ပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယမန်နေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က ကလေးမြို့ပေါ်ရှိ အမြှောက်တပ်မှ ပျဉ်းခုံကြီးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် အသက် ၃၃ နှစ်တစ်ဦးနှင့် ၅၇ နှစ်အရွယ် နှစ်ဦး စုစုပေါင်း ချင်းအမျိုးသား သုံးဦး သေဆုံးခဲ့ရသည့်အပြင် နွား လေးကောင်လည်း သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပျဉ်းခုံလေးရွာကိုလည်း စစ်ကောင်စီတပ်က မတ်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် မီးရှို့ခဲ့ပြီး တိမ်းရှောင်နေရသည့်အတွက် မီးလောင်ကျွမ်းမှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ယင်းဒေသခံတစ်ဦးက ပြောဆိုသည်။

 

ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ကလေးမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စစ်​ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ယခုကဲ့သို့ အရပ်သားသေဆုံးထိခိုက်မှုများအပြင် နေအိမ်ပျက်စီးဆုံးရှုံးမှုများ၊ ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများဖြစ်ပေါ်လျက်ရှိသည်။