ကရင်လူမျိုးများ၏ အကြီးမားဆုံးအားနည်းချက်သည် သင်းကွဲမှုများနှင့် စည်းလုံးညီညွတ်မှုပင်ဖြစ်ကြောင်း KNU ဥက္ကဌပြောကြား

Author လင်းခိုင်
Categories
Published on Dec 21, 2022

 

ကရင်လူမျိုးများ၏ အကြီးမားဆုံးအားနည်းချက်သည် သင်းကွဲမှုများနှင့် စည်းလုံးညီညွတ်မှုပင်ဖြစ်ကြောင်း KNU ဥက္ကဌ စောမူတူးစေးဖိုးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ကျရောက်မည့် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်ကူးနေ့အတွက် စောမူတူးစေးဖိုးက ပေးပို့ထားသည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။

ကရင်အမျိုးသားများ ဖိနှိပ်မှု အမျိုးမျိုး ကင်းဝေးပြီး လွတ်လပ်မှု အပြင် ခေတ်နှင့် လျော်ညီသည့် လူနေမှု အဆင့်အတန်း၊ အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများဖြင့် ဖွံ့ဖြိုးတိုးတက်သည့် လူမှုဘ၀များ ပိုင်ဆိုင်နိုင်ရန် အမျိုးသားခေါင်းဆောင်များအပြင် မိမိတို့ ယနေ့ထက်ထိ နှစ် ၇၀ ကျော်သည့်တိုင် ကြိုးပမ်းနေခြင်း ဖြစ်သော်လည်း ရည်မှန်းချက် ပန်းတိုင်များ ပြီးပြည့်စုံခြင်းမရှိသေးဟု စောမူတူးစေးဖိုးက ပြောသည်။

ထို့ပြင် အမျိုးသားရေး ကြိုပမ်းမှုများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ အားနည်းချက်များစွာ တွေ့ရှိရကြောင်း၊ အကြီးမားဆုံးအားနည်းချက်သည် သင်းကွဲမှုများနှင့် စည်းလုံးညီညွတ်မှု အားနည်းခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ အားလျှော့ခြင်းအလျှင်းမရှိပဲ အားကောင်းပြီး ပိုမိုကောင်းမွန်သော စုစည်းမှုဖြင့် အရှိန်အဟုန်မြှင့်တင် ကြိုးစားအားထုတ်ရမည်ဟု KNU ဥက္ကဌ စောမူတူးစေးဖိုးက ပြောကြားသည်။

ယင်းအပြင် လူမျိုးတိုင်းနှင့် ပြည်နယ်တိုင်း တန်းတူညီမျှသည့် အခွင့်အရေးများရရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ အတည့်အလင်း ပြဌာန်းထားရန် မဆုတ်မစန်ကြိုးပစ်အားထုတ်ရမည်ဖြစ်ကာ၊ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်များ ပြီးပြည့်စုံစေရန်အတွက် ကရင်အမျိုးသားအဖွဲ့အစည်းများ၊ ဘာသာရေး အစုအဖွဲ့များအပြင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးကြိုးပမ်းအားထုတ်ကြရမည်ဟု KNU ဥက္ကဌ စောမူတူးစေးဖိုးက ဆိုသည်။

ခေတ်စနစ်နှင့် နိုင်ငံရေး လိုအပ်ချက်များနှင့်အညီ စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ် အလုံးစုံကျဆုံးရေးအတွက် ကြိုးပမ်းနေသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်း၊ အစုအဖွဲ့တိုင်းနှင့် လက်တွဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် ခေတ်စနစ်များ၏ လိုအပ်ချက်အတိုင်း မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရမည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU #ကရင်နှစ်သစ်ကူး #မူတူးစေးဖိုး