ကရင်နီသို့ ပို့ဆောင်မည့် လက်နက်များ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်၊ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်များအား ပြန်လည်ဖြေရှင်းသွားမည်ဟု တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့များဆို

Author ခေတ်နီ၊ အိုင်လာ
Categories
Published on Nov 18, 2023

ကရင်နီသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများကို ဖမ်းမိကြောင်း စစ်ကောင်စီမှ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်များကို ရှမ်းပြည်နယ်​တောင်ပိုင်း ပင်လုံမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး type 81 မောင်းပြန်ရိုင်ဖယ် ၁၀၀ ကျော်အပါအဝင် ၊RPGများနှင့် တရုတ်နိုင်ငံလုပ် စက်လက်များနှင့်လက်ပစ်ဗုံးများပါ ပါဝင်နေသည်။

ဖမ်းဆီးရမိသည့် လက်နက်များတွင် တရုတ်နိုင်ငံထုတ် လက်နက်များပါဝင်နေပြီး ထိုလက်နက်များသည် အထူးဒေသတစ်ခုမှ ထွက်ပေါ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားပြီး မည်သည့်ဒေသဖြစ်သည်ကိုတော့ စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထို့အပြင် လက်ရှိနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ကွယ်တွင် တိုင်းရင်းသားလက်နက်ကိုင် (EAO)များ ရှိနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဆိုသည်။

“မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ EAOအဖွဲ့တွေ ရှိနေတယ် ၊ထောက်ပံ့ပေးနေတာသည် EAOအဖွဲ့တွေရှိတယ် ၊ငွေရေးကြေးရေးအရ ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေးနေတာရှိတယ်၊ ယခင်တည်းက မြန်မာနိုင်ငံကို ရန်သူသဖွယ် သဘောထားနေတဲ့ နိုင်ငံတွေက အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ပေးတာရှိတယ်၊ လက်နက်ထောက်ပံ့တာကိုလည်း သူတို့ဖက်လုပ်နေတာဖြစ်ပြီး ပဋိပက္ခအရှိန်အဟုန်မြှင့်နေတာဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာမှတဆင့် ဆိုထားသည်။

ထိုအပြင် ၎င်းတို့ဖမ်းဆီးထားသူများ၏ ထွက်ဆိုချက်အရ အဆိုပါ လက်နက်များသည် SSPP/SSA ယူနီဖောင်းဝတ်ထားသူ ၁၀ ဦး ထံမှ လေးကြိမ်ခွဲကာ သွားရောက်ယူဆောင်ထားကာ ကယား(ကရင်နီ)ဖက်သို့ ပို့ဆောင်မည့် လက်နက်များဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ထိုသို့ စစ်ကောင်စီ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်း ပြည် တပ်မတော် SSPP/SSAတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ CJ Platformမှ ဆက်သွယ်မေးမြန်းရာတွင် “အဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ဖြစ်မယ်ဗျ ၊ဒီအကြောင်းကို ကျနော်တို့ ရှင်းလင်းချက် လုပ်မယ်ဗျ ၊လောလောဆယ်တော့ ဒါနဲ့ပတ်သက်ပြီး ပြောဖို့မရှိသေးဘူးဗျ ၊ဗဟိုကစာထုတ်မလား ဒါမှမဟုတ် အင်တာဗျုးလုပ်မလားဆိုတာတော့ ကျနော်တို့ ဆွေးနွေးနေတုန်းဗျ”ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်ကဆိုသည်။

ထိုနည်းတူ ထိုလက်နက်များသည် ကရင်နီပြည်အတွင်းရှိ KNPPနှင့် PDFတပ်ဖွဲ့များအတွက် ပို့ဆောင်မည့် လက်နက်များဖြစ်ကြောင်း စစ်ကောင်စီဖက်မှ ပြောဆိုမှုအပေါ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)မှလည်း ယခုလို ပြောဆိုထားသည်။

“လတ်တလောမှာ အဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ် ၊ကျနော်တို့KNDFမှက ဗဟိုကော်မတီရှိတယ်ပေါ့၊ ဗဟိုကော်မတီကို လှမ်းမေးထားပါတယ် အခုထိတော့ အကြောင်းမပြန်သေးဘူးပေါ့နော် ၊အခုချိန်အထိတော့ အဲ့သတင်းက ကျနော်တို့အနေနဲ့ အတည်မပြုနိုင်သေးဘူး”ဟု KNDFပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ထိုနည်းတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကရင်နီတပ်မတော် KNPP/KA၏ စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးဘုန်းနိုင်မှလည်း ထိုလက်နက်များသည် ၎င်းတို့၏ လက်နက်များမဟုတ်ကြောင်း CJ Platform၏ မေးမြန်းမှုတွင် ဖြေဆိုထားသည်။

“ဒါကတော့ သူတို့က နာမည်ပျက်အောင် လုပ်ချင်တာလဲပါတယ် ၊သိက္ခာကျအောင် လုပ်တာလည်း ပါတယ်လေနော် ၊သူ့ဟာသူ ထုတ်တာတော့ ထုတ်တာပေါ့နော်၊ ဒီဟာတွေက ကျနော်တို့ဟာမဟုတ်ဘူး ကျနော်တို့နဲ့ အဆက်အသွယ်မလုပ်ဘူးလေ ဟိုးပင်လုံဆိုတာ ပင်လုံစာချုပ်လုပ်တဲ့နေရာက ကရင်နီနဲ့ ကျနော်တို့နဲ့ ဝေးတယ်လေ”ဟု ကရင်နီတပ်မတော် KAစစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

ထိုနည်းတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အနီးတွင် Type 81 ချေမှုန်းရေး ရိုင်ဖယ် အလက် ၅၀၀ နီးပါးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ် ၇ ခုထက်မနည်း စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်နေရပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG လက်အောက်ခံ PDFတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအတွင်း စစ်စခန်းရာချီ လက်လွှတ်နေရပြီး လက်နက်ခဲယမ်းအပြင့် လေယာဥ်နှင့် သံချပ်ကာယာဥ်များကိုပါ ဆုံးရှုံးနေရသည်။