ကရင်နီပြည်နယ်ဟုသာ ခေါ်ဝေါ်သုံးစွဲပေးရန် KSCC တိုက်တွန်း

နိုဝင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသော ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှ ကယားပြည်နယ် ဟု အသုံးပြုခြင်းမပြုပဲ ကရင်နီပြည်နယ်ဟု သုံးစွဲကြရန် တိုက်တွန်းထားသည်။
ကရင်နီပြည်နယ် ဟူသောအမည်နာမသည် ကရင်နီတစ်မျိုးသားလုံး အတွက် သမိုင်းအထောက်အထားအရ အရေးကြီးသည့် အမည်နာမဖြစ်သည့်အတွက် စစ်အာဏာရှင် စနစ်ကို လက်မခံပဲ ခုခံတော်လှန်ခဲ့သည့် တလျောက်လုံး အဖွဲ့အစည်း အမည်နာမများအား ကရင်နီ ဟူ၍သာ ယနေ့ထိတိုင် အသုံးပြု လာခဲ့ကြခြင်းဖြစ်သည့် အတွက် လက်ရှိ ကရင်နီပြည်နယ်၏ သတင်းများကို ဖော်ပြရေးသားကြသော မီဒီယာများ၊ စာနယ်ဇင်းများနှင့် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးအနေဖြင့် ကယားပြည်နယ် ဟုအသုံးပြုခြင်းမပြုပဲ ကရင်နီပြည်နယ် ဟုသာ အသုံးပြုကြရန် အလေးအနက် တိုက်တွန်း ထုတ်ပြန်ထားသည်။
ကရင်နီပြည်သည် ဗမာပြည် ကိုလိုနီလက်အောက် ကျရောက်ခဲ့ရသည့် အချိန်ကာလကပင် သီးခြားလွတ်လပ်သည့် ပြည်တစ်ပြည်အဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်ပြီး ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်နောက် လက်နက်အင်အားဖြင့် ဝင်ရောက်ကျူးကျော်ခဲ့ပြီး ဗမာပြည်အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၁၉၅၁ ခုနှစ်မတိုင်မီကပင် ကရင်နီမျိုးနွယ်စုအားလုံးကို စုပေါင်း၍ ကရင်နီ ဟုပင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံထားခဲ့ပြီး ဖြစ်ခဲ့သော်လည်း ကယားပြည်နယ်ဟု ၁၉၅၁ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့အား ကယားပြည်နယ်နေ့ဟုပင် အတိအလင်းကျင်းပခဲ့ကြကြောင်း ပါရှိသည်။
ကရင်နီပြည်နယ်ကောင်စီအနေဖြင့်လည်း စစ်အာဏာရှင်မှ မတရားပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည့် ကယားပြည်နယ်ဟု အသုံးအနှုန်းအား လုံးဝလက်မခံနိုင်သောကြောင့် ကရင်နီပြည်နယ် ဟုသာ ခေါ်ဝေါ်သုံးစွဲကြရန် သတင်းမီဒီယာများနှင့် သက်ဆိုင်ရာအင်အားစုများအား တိုက်တွန်းထုတ်ပြန်ထားသည်။