ကရင်နီဒေသ ၂ နှစ်ကျော် တိုက်ပွဲအတွင်း စစ်သား ၂၄၀၀ နီးပါးသေဆုံးပြီး အရပ်သား ၃၈၀ ကျော်သေဆုံးခဲ့ရ

Author ခေတ်နီ
Categories
Published on Oct 01, 2023

စစ်အုပ်စုက အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် အရပ်သား ၃၈၂ ဦးထိ သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)မှ ယမန်နေ့က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ စတင်ပြီး ယခုနှစ် စက်တင်ဘာလလ ၃၀ ရက်နေ့အထိ ၂ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်နေရာအနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၈၂၂ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၂၃၈၇ ဦးထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း PKPF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကာလအတွင်း စစ်ကောင်စီဘက်မှဖမ်းဆီးသွားသူ ၁၈၃ ဦးထိရှိပြီး စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုအပြင် လေကြောင်းနှင့် လက်နက်ကြီးထိမှန်မှုများကြောင့် အရပ်သား ၃၈၂ ဦးအထိသေဆုံးခဲ့ကာ ထိုအထဲမှ ၁၄၂ ဦးသည် စစ်ဘေးတိမ်းရှောင်နေစဥ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထို ၂ နှစ်တာအတွင်း စစ်ကောင်စီတပ်မှလေကြောင်းသုံးတိုက်ခိုက်မှု ၆၃၁ ကြိမ်အထိရှိခဲ့ကာ တိုက်ပွဲများအတွင်း ကရင်နီကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း တပ်သား ၃၃၃ ဦးအထိသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးထိမှန်မှုများကြောင့်အရပ်သားနေအိမ် ၁၈၉၁ လုံးပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၄၂ လုံး ပျက်စီးဆုံးရူံးခဲ့ကြောင်း PKPF က ဆိုသည်။

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များ ကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်၂၀၂၁ ခုနှစ် မေလမှစတင်ပြီး ယနေ့အချိန်အထိ စစ်ဘေးတိမ်းရှောင်နေရသူ အရပ်သား၂ သိန်းကျော်ထိရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့