ကရင်နီတွင် ဖေဖော်ဝါရီ တစ်လတာ တိုက်ပွဲများအတွင်း ဗိုလ်မှူးကြီး၊ဒုဗိုလ်မှူးများအပါအဝင် တပ်သား (၁၆၀) ကျော်သေဆုံး

Author လင်းနွေဦး
Categories
Published on Mar 10, 2024

ကရင်နီ(ကယား)ပြည်တွင် ဖေဖော်ဝါရီ တစ်လတာ တိုက်ပွဲများအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအွင်း စစ်ကောင်စီမှ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူး၊ဗိုလ်မှူးများ အပါအဝင် တပ်သား ၁၆၀ ကျော်သေဆုံးခဲ့ကြောင်း KNDF မှ ထုတ်ပြန်သည်။

 

လွိုင်ကော်၊ ရှားတော၊ ဘောလခဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ် များအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ နှင့် စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများစွာ အတွင်း စစ်ကောင်စီဘက်မှ ယခုလို ထိခိုက်ကျဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

ဇန်နဝါရီ လ ၁၅ ရက် နေ့ မှ စတင်ကာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော ရှားတော မြို့သိမ်း စစ်ဆင်ရေးအတွင်း ဗိုလ်မှူးကြီး၊ ဗိုလ်မှူး ၊ ဒုဗိုလ်မှူး များအပါ တပ်သား ၁၆၀ ဦး သေဆုံးသွားခဲ့ပြီး စစ်သုံ့ပန်းများ ၊ တပ်မိသားစုဝင်များကိုလည်း စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းစောင့်ထားသည်ဟု မြေပြင်ရဲဘော် တစ်ဦးမှ အတည်ပြုပြောဆိုသည်။

 

“ရှားတောမြို့သိမ်းက တော်တော်ကို စစ်ကောင်စီဘက်က အထိနာခဲ့ရတယ်ပြောရမယ်။ ဗိုလ်မှူးကြီးအဆင့်က အစ ဗိုလ်မှူးတွေ၊ ဒုဗိုလ်မှူး တွေ တင်မကဘူး။ တပ်သား တင် ၁၅၀ ကျော်တယ်။ အရှင်ဖမ်းမိတာတွေ ၊ လက်နက်ချတာတွေလည်းရှိတယ်၊၊” ဟု ရှေ့တန်းရောက် ကရင်နီတော်လှန်ရေး ရဲဘော် မှ CJ Platform သို့ပြောသည်။

 

စစ်စခန်းများ လက်လွှတ်ကာ တပ်သားအင်အားအများအပြား ဆုံးရှုံးခဲ့ရသည့်စစ်ကောင်စီ မှ လေကြောင်းနှင့် လက်နက်ကြီး တန်ပြန် ပစ်ခတ်တိုက်ခိုက်မှုများ လည်း အကြိမ်ရေ မြောက်မြားစွာ ပြုလုပ်ခဲ့သဖြင့် ဖေဖော်ဝါရီ တစ်လတာအတွင်း အရပ်သား ပြည်သူ ၂၅ သေဆုံးကာ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ကရင်နီ (ကယား)ပြည်နယ် အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းမဟာမိတ်အင်အားစုများမှ (၁၁.၁၁)စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများဖော်ဆောင်ခဲ့ပြီး လွိုင်ကော်၊ဒီမောဆို၊ရှားတော ၊ဘောလခဲ ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်စပ် မိုးဗြဲ၊ဖယ်ခုံ မြို့များရှိ စစ်ကောင်စီ တပ်စခန်း ၂၀ ထက်မနည်းကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မော်ချီးနှင့် မယ်စဲ့ မြို့များကိုလည်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)မှ အုပ်ချုပ်မှု အောက်တွင် ပထမဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းပင် ဖွင့်လှစ်ပြေးဆွဲလျက် ရှိသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

ပုံစာညွှန်း- ရှားတောမြို့သိမ်း တိုက်ပွဲ အတွင်း ရှေ့တန်း တစ်နေရာတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် မိသားစုဝင်များ