ကရင်နီစစ်ရှောင်များ၏ အဓိကထွက်ပေါက် တောင်ကြီးတွင် လွိုင်ကော်ဒေသခံများကို လက်မခံရန် စစ်ကောင်စီနှင့် မိတ်ဖက် PNO တပ် ညွှန်ကြားထားဟုဆို ⬛ လွိုင်ကော်မှ တောင်ကြီးသို့ စစ်ရှောင်ဦးရေ နှစ်သောင်းခန့်ရှိ

Author ခေတ်နီ
Categories
Published on Nov 17, 2023

ကရင်နီဒေသ တစ်လေးလုံးတိုက်ပွဲများကြောင့် စစ်ရှောင်နေရသူများ၏ အဓိကထွက်ပေါက်ဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ စစ်ရှောင်လာကြသည့် လွိုင်ကော်‌ဒေသခံများကို လက်မခံရန် စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ် PNO တပ်များက အမိန့်ပေးညွှန်ကြားမှုများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

 

ကရင်နီ(ကယား)ပြည် နိုင်ငံသားမှတ်ပုံတင်အမှတ် ၂/ (၂ မျဥ်းစောင်း)ကိုင်ဆိုင်ထားသူများကို တောင်ကြီးရှိ နေအိမ်များတွင် လက်မခံရန်နှင့် ဧည့်စာရင်းတိုင်ကြားမှုများကို လက်မခံရန် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်မှ ပြီးခဲ့သည့်နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ညွှန်ကြားမှုများရှိနေသည်ဟု သိရသည်။

 

ထိုသို့စစ်ကောင်စီဘက်မှ ညွှန်ကြားထားမှုများကြောင့် ဒေသခံများအနေဖြင့် စစ်ဘေးရှောင်များကို လက်မခံရဲဘဲ စစ်ဘေးရှောင်များအနေဖြင့် နီးစပ်ရာ တည်းခို၍ ရနိုင်သည့်နေရာများတွင်သာ ခိုလှုံနေရကြောင်း သိရသည်။

 

” သူတို့ကပေးမဝင်တော့  ဒီလိုမျိုးဖြစ်သလိုပဲနေနေရတယ်။ ဆိုင်လေးမှာ စားလို့ရတဲ့အခါ ဝင်စားလိုက်နဲ့နေရတယ်။ နည်းနည်းပိုက်ဆံရှိတဲ့သူတွေကတော့ တည်းခိုခန်းမှာဖြစ်ဖြစ်ငှားနေကြတယ်” ဟု တောင်ကြီးမြို့ကို စစ်ရှောင်လာသည့် လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

 

လက်ရှိ ကရင်နီပြည်တိုက်ပွဲများကြောင့် လွိုင်ကော်မြို့ဘက်မှစစ်ဘေးတိမ်းရှောင်နေရသူဦးရေသည် နှစ်သောင်းဝန်းကျင်အထိရှိနေပြီး စစ်ဘေးတိမ်းရှောင်စဥ်အတွင်းမှာလည်းစစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်လိုက်လံပစ်ခတ်မှုများရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ထံမှ သိရသည်။

 

“မနေ့ကတောင်မှ စစ်ဘေးရှောင်တွေကို ကယ်ထုတ်တဲ့လမ်းပိုင်းတွေကို  ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ မနေ့ကအထိလုပ်တယ်။ တစ်နေ့ကလည်း UN အဖွဲ့ကားတွေပြန်ထွက်ဖို့တိုက်ပွဲတွေ ခဏနားတဲ့အခါမှာလည်း  စစ်ရှောင်လမ်းကြောင်းတွေကိုပစ်ခတ်တာရှိတယ်။ ကားတွေပျက်စီးတာတွေရှိတယ်။ လူတော့မထိဘူးပေါ့လေ” ဟု KnHRG မှ ကိုဗညားက ဆိုသည်။

 

ကရင်နီပြည် လွိုင်ကော်မြို့အနီးဝန်းကျင်တွင် တောင်ကြီး၊ နေပြည်တော်၊ တောင်ငူ အစရှိသည့်မြို့များရှိနေပြီး နေပြည်တော်မှာ စစ်ကောင်စီအခြေစိုက်မြို့ဖြစ်သည့်အတွက် စစ်ရှောင်ရန်မဖြစ်နိုင်ကဲ့သို့ တောင်ငူသည်လည်း အလှမ်းဝေးသာ့်မတွက် ၉၂ မိုင်သာဝေးသည့် တောင်ကြီးသို့ လွိုင်ကော်ဒေသခံများ စစ်ဘေးရှောင်ကြခြင်းဖြစ်သည်။

 

လက်ရှိကရင်နီပြည်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအပြင် ၎င်းတို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၅၀ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်သည်။

 

ပုံစာညွှန်း – လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင် သွားရောက်ခိုလှုံနိုင်သည့် အနီးစပ်ဆုံး မြို့များ